၂၁. ၆. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် နန်းဆုရတီစိုးတို့ မိသားစုရဲ့ အလှူမင်္ဂလာပွဲကို ဒီနေ့ ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သရက်ပင်ချောင်ကျေးရွာရှိ သာသနာ့ဂုဏ်ရောင်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့အလှူလေးက နန်းဆု မိသားစုအလှူလေးပေါ့။ သာသနာ့ ဂုဏ်ရောင်ကျောင်းတိုက်မှာ နန်းဆုတို့ အဘိုး၊ အဘေး ဆွေစဥ်မျိုးဆက်တွေပေါ့။ အခု နန်းဆုတို့ လက်ထက်အထိ အမြဲတမ်း လှူဒါန်းဖြစ်တဲ့ နေရာလေးပါ။ ဒီနေ့အလှူလေးကတော့ လှူဒါန်းမှု အကြောင်းအရာလေးတွေ စုံသွားတယ်။ အဓိက မဟာဗောဓိညောင်ပင်ကို ပင်မ ဗုဒ္ဓဂယာကနေ တောင်ကိုင်းကို မြန်မာပြည်ကိုသယ်ယူလာပြီး နန်းဆုအဘေးယူလာပြီး စိုက်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်သွားပါပြီ။ နှစ် ၇၀ ကျော်တော့ ခေတ်အဆက်ဆက်ထိန်းသိမ်းလာပေမယ့် ဟောင်းနွမ်းပျက်စီးတာကို နန်းဆုတို့ လက်ထက် ပြန်လည်မွမ်းမံတယ်။ ရင်ပြင်ပေါ်တွေ ညှိပြီး ဂြိုလ်ပြေနာမ်ပြည်ပါတဲ့ ဘုရားရှစ်ဆူကို ညောင်ဝိုင်း တည်ထားကိုးကွယ်တယ်။ နန်းဆု ဝါဆို သင်္ကန်းကပ်တယ်။ ဘုန်းကြီးတစ်ပါးကို သိက္ခာထပ်တယ်၊ ဘုန်းဘုန်းတစ်ပါးကို ရဟန်းခံပေးတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
အဆိုပါ အလှူအနေနဲ့ နံနက်ပိုင်းမှာ မဟာဗောဓိရင်ပြင်တော် ၊ ပလ္လင်အဝန်း ၊ ဂြိုလ်ပြေနံပြေ ၊ ဘုရားရှစ်ဆူတို့ကို အသစ်တဖန် ပြုပြင်မွမ်းမံ လှူဒါန်းမင်္ဂလာနဲ့ သိက္ခာထပ် ရဟန်းခံ အလှူမင်္ဂလာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းရှိ သံဃာတော် ၁၀ ပါးကို သိမ်ဆင်းလောင်းခဲ့ပြီး သံယာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်ခဲ့တဲ့အပြင် ဧည့်သည်တွေကို မုန့်ဟင်းခါး အချိန် ၁၀၀ နဲ့ ကျွေးမွေးဧည့်ခံ လှူဒါန်းမှုပြုခဲ့ပါတယ်။ အဲ့ဒီနောက် ကွယ်လွန်သွားကြပြီဖြစ်တဲ့ အဘိုး၊ အဘွား ၊ အမိ၊ အဖ ၊ ဆွေမျိုးညီအစ်ကို မောင်နှမတွေ ၃၁ ဘုံသားအားလုံးကို ရေစက်ချ အမျှအတန်းပေးဝေခဲ့ပါတယ်။
နန်းဆုရတီစိုးဟာ သရုပ်ဆောင်ပိုင်းအပြင် လက်ရှိမှာ တေးသီချင်းတွေကို စုစည်းထားပြီး မကြာခင် ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။