၂၁. ၆. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ ဆွန်သီဒေသရဲတပ်ဖွဲ့သည် ငွေကြေးရယူနိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ ATM စက်များကို ဖျက်ဆီးခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ဇွန်လ ၂၀ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများက ဖော်ပြထားသည်။
ထိုင်းရဲမှူးကြီး Nipphon Sukniyom ဦးဆောင်သော စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့သည် ATM စက်များကို ဖျက်ဆီးကာ ငွေကြေးများရယူရန် ကြိုးပမ်းခဲ့သူကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ATM စက်များကို ဖျက်ဆီးကာ ငွေကြေးရယူခဲ့သူအဖြစ် သံသယရှိသော အသက် ၃၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဝင်းသူ၏ ဓာတ်ပုံများကို ရရှိခဲ့ပြီးနောက် ဖမ်းဆီးနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့သည် ဝင်းသူ၏ ဓာတ်ပုံများကို ဘန်ကောက်မြို့ရှိ ATMs စက်ကိုဖျက်ဆီးချိန်တွင် စီစီတီဗွီကင်မရာများမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းသူသည် ငွေကြေးများရရှိရန်အတွက် ဘန်ကောက်မြို့ရှိ ATM၊ အယုဒ္ဓယ ဘဏ်ရှေ့ရှိ ATM၊ Dhonburi Rajabhat University တက္ကသိုလ်နားရှိ ATM စက်အပြင် Talat Phlu ရဲစခန်းအနီးက Government Savings Bank ဘဏ်ရှေ့ရှိ ATM စက်များ အပါအဝင်အနည်းဆုံး ATM စက်လေးခုကို ဖျက်ဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ဝင်းသူသည် ATM စက်များကိုဖျက်ဆီးကာ ငွေကြေးများရယူရန် ကြိုးပမ်းခဲ့ပြီးနောက် ၎င်းနေထိုင်နေသော Wongwian Yai ဒေသမှ ဆာမတ်ဆာခွန်ပြည်နယ် Krathum Baen ဒေသသို့ ထွက်ပြေးလာပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲမှူးကြီး Nipphon Sukniyom က ပြောသည်။
ဝင်းသူက ၎င်းအနေဖြင့် ငွေကြေးရယူလိုခြင်းကြောင့် ATM စက်များကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သို့သော်လည်း ATM စက်များအတွင်း ငွေကြေးများ မရှိခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ဝင်းသူသည် တရားဝင်နိုင်ငံကူးလက်မှတ်မရှိသူဖြစ်ပြီး Wongwian Yai ဒေသတွင် ဟင်းသီးဟင်းရွက်များရောင်းချသော အလုပ်ကို လုပ်ကိုင်ခဲ့ကာ ATM စက်များဖျက်ဆီးကာ ငွေကြေးရယူနိုင်ရန် ကြိုတင်လေ့လာခဲ့ကြာင်း ဝန်ခံပြောဆိုထားသည်။ ထို့အပြင် Wongwian Yai ဒေသတွင် တစ်လကို ဘတ် ၁၃၀ဝဖြင့် အိမ်ခန်းတစ်ခန်းကို နှစ်လကြာငှားရမ်းလုပ်ကိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသား ဝင်းသူက ထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
Ref——-matichon