၂၁. ၆. ၂၀၂၃
Written by Thandar
လူထုဦးလှနဲ့ လူထုဒေါ်အမာရဲ့သားငယ်ဖြစ်သူ အမျိုးသားစာပေဆုရှင် ညီပုလေးဟာ ဒီနေ့ ဇွန်လ၂၁ ရက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
“လူထုဦးလှ-လူထုဒေါ်အမာတို့၏ သားထွေး၊ ဦးစိုးဝင်း၊ ပါမောက္ခ ဒေါက်တာသန်းရင်မာ၊ ရဲဘော်ဖိုးသံချောင်း၊ ဒေါ်တင်ဝင်းတို့၏ ညီ/မောင်၊ ဒေါ်တင်တင်ဝင်း၏ ခင်ပွန်း၊ သားသမီးသုံးယောက်၏ဖခင်၊ မြေးလေးယောက်တို့၏အဘိုး အသက် ၇၂ နှစ်ရွယ်ရှိသူ ဦးငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) သည် မန္တလေးမြို့၌ ၂၁. ၆.၂၀၂၃ နေ့တွင် ကွယ်လွန်အနိစ္စရောက်ရှိသွားပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများကို အကြောင်းကြားအပ်ပါသည်”လို့လည်း လူထုမိသားစုက အသိပေးပါတယ်။
ဆရာညီပုလေးဟာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က မန္တလေးမြို့မှာ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့က မွေးဖွားခဲ့ပါတယ်။ အမည်ရင်းက ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်ပြီး မွေးချင်းတွေထဲက ပဉ္စမမြောက် အငယ်ဆုံးသားလည်းဖြစ်ပါတယ်။ စာရေးဆရာ ညီပုလေးက မန္တလေးမြို့ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက် ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်ပြီး ဇနီး ဒေါ်တင်တင်ဝင်းနဲ့ သားသမီး သုံးဦးထွန်းကားခဲ့တယ်လို့ သိရပါတယ်။
“သူကိုယ်တိုင် မကျန်းမာတဲ့ကြားက “ကျန်းမာအောင်နေပါ နှမရေ” လို့ စာပို့တတ်တဲ့ ဆရာညို…..။ ကျွန်မတို့ မောင်နှံနဲ့ စာပေခရီးတွေ ထွက်တိုင်း စ,နောက်ပျော်ရွှင်နေတတ်တဲ့ ဆရာညို…..။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဆရာညို…..။ စာရေးကောင်းတဲ့ ဆရာညို…..။ ငြိမ်းအေးပါစေဆရာညိုရေ….”လို့ စာရေးဆရာမ ခင်ခင်ထူးက ဆုတောင်းမေတ္တာပို့ထားပါတယ်။
စာရေးဆရာညီပုလေး ကွယ်လွန်ခဲ့တဲ့အတွက် စာပေလောကအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားခဲ့ပါတယ်။
ဆရာညီပုလေးဟာ၂ဝဝ၆ နှစ် မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်ရဲ့ ပထမဦးဆုံး သဟာယ စာပေဆုကို ”ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ” စာအုပ်နဲ့ရရှိခဲ့သလို အမျိုးသားစာပေဆုကိုလည်း “ထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက်” စာအုပ်နဲ့ ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုကိုလည်း “တတိယမြို့တော်သားရဲ့အလွမ်း” နဲ့ ဝတ္တုတိုဆု ရရှိခဲ့ပါတယ်။