၂၁. ၆. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဘဝအလင်းရောင်ပရဟိတကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့သည့် ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)သည် ပုဒ်မ ၆၆(ဃ)နှင့် ၅၀၅(က)အမှုဖြင့် အိုးဘိုထောင်၌ ထောင်ဒဏ်ကျနေရာမှ ယမန်နေ့ (ဇွန်လ ၂၀ ရက်နေ့)က ပြန်လည်လွတ်မြောက်လာပြီးနောက် ယခုအချိန်တွင်မူ ဆရာတော်ထံမှ မည်သည့်သတင်းမှမရရှိဘဲ အဆက်အသွယ် ပြတ်တောက်နေကြာင်း ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများထံမှ သိရသည်။
“ဆရာတော် မနေ့က ပြန်လွတ်တာတော့ဟုတ်တယ်။ ဒါပေမဲ့ အခုထိအဆက်သွယ်မရဘဲ ပျောက်နေတယ်။ ဆရာတော်က ၆၆(ဃ) နဲ့ ၅၀၅(က)အမှုနှစ်ခုနဲ့ ထောင်ဒဏ်ကျခံရတာပါ။ အမှုတစ်ခုကို ၂ နှစ်စီကျခံရပြီး စုစုပေါင်း ၄ နှစ်ကျခံရတာဖြစ်တယ်။ အမှန်တကယ်လွတ်ရက်က နောက်နှစ် ၆ လပိုင်းထဲမှာပါ။ အခုလွှတ် ပေးလိုက်တယ်ဆိုတော့ ၈ လလောက်လျှော့ရက်ရပြီး မနေ့ကလွတ်လာတာဖြစ်ပေမဲ့ အခုထိတော့ ဆရာတော်နဲ့အဆက် အသွယ်မရသေးဘဲ ပျောက်နေတယ်”ဟု ဆရာတော်နှင့်နီးစပ်သည့်ရှေ့နေတစ်ဦးက MT News သတင်းဌာနသို့ ယခုလိုပြောသည်။
ဆရာတော် ဦးသောဘိတသည် တပ်မတော်အပေါ် အကြည်ညိုပျက်စေသည့်အသုံးအနှုန်းများဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က လူမှုကွန်ရက်ပေါ်၌ ရေးသားဝေဖန်ခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးက တရားလိုပြုလုပ်၍ အမရပူရမြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမရပူရမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
၎င်းနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်တွင်းအထူးတရားရုံးမှ စစ်ဆေးပြီး ထောင်ဒဏ် ၂ နှစ်ထပ်မံချခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အဆက်အသွယ်ပြတ်တောက်နေသည့် ဆရာတော်ဦးသောဘိတမှာ ပြန်လည် ဖမ်းဆီးခံထားရသည်ဟုလည်း သတင်းများထွက်ပေါ်နေပြီး MT News သတင်းဌာနကလည်း အတည်ပြုနိုင်ရန် သတင်းဆက်လက်စုံစမ်းနေသည်။