၂၁. ၆. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး အန်တိုနီ ဘလင်ကန်က ၎င်း၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးစဉ်အတွင်း ပေကျင်းမြို့၌ တရုတ်သမ္မတရှီကျင့်ဖိန်အပါအဝင် တရုတ်အဆင့်မြင့် အရာရှိများနှင့် နှစ်ရက်ကြာတွေ့ဆုံ ဆွေးနွေးမှုများ၌ နှစ်နိုင်ငံ စစ်တပ်များအကြား ဆက်သွယ်မှုကို ပြန်လည် စတင်ရန်ကိစ္စအပေါ် ပြောင်းလဲတိုးတက်နိုင်မှု တစ်စုံတစ်ရာမရသေးကြောင်းနှင့် ဆက်လက်ကြိုးစားဆဲဖြစ်ကြောင်း သတင်းစာရှင်းပွဲပြုလုပ်ရာတွင် ပြောခဲ့သည်။
ဘလင်ကန်၏ တရုတ်နိုင်ငံခရီးစဉ်က နှစ်နိုင်ငံတင်းမာမှုများ လျော့ကျစေရန်အပြင် နှစ်နိုင်ငံအကြား သဘောတူညီမှုအသစ်များ ဖော်ထုတ်နိုင်ရန်လည်းဖြစ်သည်။ သို့သော် ပဋိပက္ခဖြစ်ပွားရမှုများကို ရှောင်ရှားနိုင်ရန်အတွက် နှစ်နိုင်ငံစစ်တပ်များအကြား အရေးပေးဆက်သွယ်ရေးလိုင်း ပြန်လည်စတင်ရန် ဘလင်ကန်၏ တောင်းဆိုမှုအား တရုတ်သမ္မတရှီက ခါးခါးသီးသီးငြင်းပယ်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ၏ သူလျှိုပူဖောင်းဟု အမေရိကန်က စွပ်စွဲခဲ့သော မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန် ဝေဟင် ပိုင်နက်အတွင်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက အမေရိကန်လေတပ် ပစ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံက နှစ်နိုင်ငံစစ်တပ်များအကြား ဆက်သွယ်မှုလိုင်းကို ရပ်ဆိုင်းခဲ့သည်။
ဘလင်ကန်ကမူ ထိုသို့ နှစ်နိုင်ငံစစ်တပ်များအကြား ဆက်သွယ်ရေးလိုင်း ပြန်လည်ထူထောင်ရန် နှစ်ဖက် သဘောတူညီချက်ရရှိရေး ဆောင်ရွက်ဆဲဟုပြောခဲ့သည်။ ထို့ပြင် ၎င်းက တရုတ်နိုင်ငံမှ နာကျင်မှုကို သက်သာစေသော Fentanyl ဆေးဝါးအတုများ အမေရိကန်သို့ တင်ပို့နေမှု ရပ်ဆိုင်းရန်လည်း တရုတ်အရာရှိများနှင့် ဆွေးနွေးသဘောတူညီခဲ့ကြောင်း ပြောခဲ့သည်။
၎င်းဆေးများက အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြား အမေရိကန်ပြည်သူများ အသက်ဆုံးရှုံးရမှုအတွက် နံပါတ်တစ် တရားခံဖြစ်နေကာ အမေရိကန် အစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိ၍ ရီပတ်ဘလစ်ကန်အမတ်များက ပြင်းထန်စွာဝေဖန်လျက်ရှိသည်။
သို့ရာတွင် ဘလင်ကန်က အမေရိကန်အစိုးရ၏ အဓိကဦးစားပေးဆောင်ရွက်ချက်တစ်ခုဖြစ်သော အမေရိကန်ပြည်သူတစ်သန်းကျော်အသက်ဆုံးရှုံးခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး စတင်ဖြစ်ပွားမှုကို ဆုံးဖြတ်နိုင်ရန်ကိစ္စအတွက်မူ တရုတ်အရာရှိများနှင့် မည်သို့ ညှိနှိုင်းခဲ့ကြောင်း သတင်းစာရှင်းပွဲတွင် တစ်စုံတစ်ရာမပြောကြားခဲ့ပေ။
နောက်ဆုံးအနေဖြင့်မူ ဘလင်ကန်က တရုတ်နှင့် အမေရိကန်ဆက်ဆံရေးကောင်းမွန်စေရေး စီမံခန့်ခွဲရန် နှစ်နိုင်ငံစလုံး၏ တာဝန်ဝတ္တရားဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရက ထိုကိစ္စအတွက် အလေးထားဆောင်ရွက်နေပါကြောင်း၊ ၎င်းက အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားဖြစ်သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွားလည်းဖြစ်ကာ တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားလည်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
Ref—- CBSNews, New York Post