◾️ပေါက်ကွဲသံတွေကို စုံစမ်းစစ်ဆေးမှုအရ ရလဒ်က အနုတ်လက္ခဏာဆောင်နေတယ်လို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ ပြော
၂၁. ၆. ၂၀၂၃
Written by Pan Ei
အတ္တလန်တိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်နေခဲ့တဲ့ တိုင်တန်းနစ်သင်္ဘောကြီးရဲ့ အပိုင်းအစတွေကို လေ့လာဖို့အတွက် လူငါးဦးတင်ဆောင်ကာ သမုဒ္ဒရာရေပြင်အောက်ကို ဆင်းသက်သွားခဲ့တဲ့ ရေငုပ်သင်္ဘောငယ် Titan ဟာ ဇွန်လ ၁၈ ရက် နံနက်က အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ကြီးမားတဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အခုအချိန်ထိ ဆောင်ရွက်လျက်ရှိနေကြကာ ဒီနေ့ (ဇွန်လ ၂၁ ရက်) မနက်မှာတော့ ရေအောက်ကအသံတွေကို ဖမ်းယူနိုင်တဲ့ ကနေဒါစစ်တပ်ရဲ့ ထောက်လှမ်းရေးလေယာဉ်တစ်စင်းက ရေအောက်က ပေါက်ကွဲ ဆူညံသံတွေကို ဖမ်းယူနိုင်ခဲ့ပါတယ်။
ပေါက်ကွဲသံတွေကို မိနစ် ၃၀ တိုင်း ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ရှာဖွေရေးအဖွဲ့တွေက ဖမ်းယူရရှိခဲ့တဲ့ ဧရိယာအတွင်း နောက်ထပ်ရေဒါတွေကို ဖြန့်ကျက်ချထားချိန်မှာ ထပ်မံ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ပေါက်ကွဲသံတွေအပေါ် အထူးရေအောက်ကိရိယာတွေနဲ့ စုံစမ်းစစ်ဆေးမှုအရ အနုတ်လက္ခဏာ ရလဒ်တွေ ထွက်ပေါ် နေခဲ့တယ်လို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
“လေယာဉ်က ရရှိတဲ့အချက်အလက်တွေကို ထပ်မံခွဲခြမ်းစိတ်ဖြာဖို့အတွက် အမေရိကန်ရေတပ်ကျွမ်းကျင်သူတွေနဲ့ မျှဝေထားပြီး ရှေ့လျှောက်လုပ်ဆောင်မယ့် ရှာဖွေရေးအစီအစဉ်တွေမှာ ထည့်သွင်းစဉ်းစားသွားမှာပါ” လို့ အမေရိကန်ကမ်းခြေစောင့်တပ်က တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ရေငုပ်သင်္ဘောငယ် Titan ဟာ ဇွန်လ ၁၈ ရက် မနက်မှာ ရေအောက်ကို စတင်ဆင်းသက်သွားခဲ့တာဖြစ်ပြီး အထောက်အပံ့ရေယာဉ် Polar Prince ကနေဒါရေခဲခွဲသင်္ဘောနဲ့ ရေအောက်ဆင်းသက်ပြီး တစ်နာရီနဲ့ ၄၅ မိနစ်အကြာမှာ ဆက်သွယ်မှုပြတ်တောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ရေငုပ်သင်္ဘောနဲ့ လိုက်ပါသွားသူငါးဦးဟာ Ocean Gate Expeditions ရဲ့ အမှုဆောင်အရာရှိချုပ် စတော့တန် ရှပ်ချ်၊ ဗြိတိသျှ စူးစမ်းလေ့လာရေးသမားနဲ့ ဘီလျံနာလည်းဖြစ်တဲ့ ဟာမစ်ရှ် ဟာဒင်၊ ပြင်သစ်နိုင်ငံသား လူသိများ ထင်ရှားတဲ့ ရေငုပ်သမား ပေါလ်ဟင်နရီ နာဂီအိုလက်၊ ပါကစ္စတန်စီးပွားရေးလုပ်ငန်းရှင် ရှဟ်ဇာဒါ ဒါဝုဒ်နဲ့ သူ့ရဲ့သား ဆူးမန်း တို့ဖြစ်ကြပါတယ်။
လက်ရှိ ရှာဖွေ ကယ်ဆယ်မှုအတွက် ကနေဒါစစ်တပ်က ကင်းလှည့်လေယာဉ်တစ်စင်းနဲ့ ရေငုပ်ဆေးပညာအတွက် အထူးပြုလုပ် ပြင်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောနှစ်စင်း ထောက်ပံ့ပေးထားတယ်လို့ သိရပြီး ရေငုပ်သင်္ဘောငယ်က ထွက်လာနိုင်မယ့် ဘယ်အသံကိုမဆို ဖမ်းယူနားထောင်နိုင်ဖို့ ဆိုနာဗော်ယာတွေကိုလည်း ချပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနက်ဖြန် ကြာသပတေးနေ့ မနက်မှာ သင်္ဘောက အောက်ဆီဂျင်ကုန်သွားနိုင်တယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်က ပြောထားတာကြောင့် ကယ်ဆယ်ရေးသမားတွေက မရပ်မနား ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြပါတယ်။
Ref; Sky News, Today Ville