၂၁. ၆. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အထကခွဲ(၁၈) ကျောင်းအတွင်း ကျောင်းသား/သူများအား မူးယစ်ရမ်းကားသည့်လူငယ်တစ်ဦးက ပေါက်ပြားဖြင့်လိုက်ခုတ်ကာ ကျောင်းဆောင်များနှင့် ကျောင်းစျေးတန်းကိုပါ ဖျက်ဆီးခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ အကွက် (၄၆၀)ရှိ အထကခွဲ(၁၈)ကျောင်းအတွင်းသို့ ၎င်းရပ်ကွက်တွင် နေထိုင်သော အသက် ၁၉ နှစ်အရွယ်ခန့်ရှိအမျိုးသား ၀င်ရောက်လာကာ ကျောင်းသား၊ ကျောင်းသူများအား ပေါက်ပြားဖြင့် လိုက်လံခုတ်ခဲ့ရာ ကျောင်းသား/သူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ၎င်းသည် ကစ္စပနဒီကျောင်းဆောင်နှင့် မေခကျောင်းဆောင်တို့မှ တံခါးမကြီးရှိ အလျား ၂၂ လက်မခန့်၊ အနံ ၁၈ လက်မခန့်ရှိ မှန်ချပ် ၆ ချပ်အားလည်းကောင်း၊ ကျောင်းဈေးတန်းရှိ ဈေးဆိုင်များအားလည်းကောင်း ရိုက်ချိုးဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း အထကခွဲ(၁၈)ကျောင်းမှ ကျောင်းအုပ်ကြီး၏ ပြောပြချက်အရ သိရသည်။
ယင်းကဲ့သို့ မူးယစ်ရမ်းကားပြီး ရိုက်ချိုးဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သောကြောင့် တံခါးမှန် ၆ ချပ်၏ ခန့်မှန်းကာလတန်ဖိုး ၃၆၀၀၀ ကျပ်ခန့်၊ ကျောင်းဈေးဆိုင်များပျက်ဆီးသွားသည့် ခန့်မှန်းတန်ဖိုး ၅၀၀၀၀ ကျပ်ခန့်၊ စုစုပေါင်းခန့်မှန်းကာလတန်ဖိုး ၈၆၀၀၀ ကျပ်ခန့်ပျက်ဆီးဆုံးရှုံးသွားကာ ယခုလို လိုက်လံဖျက်ဆီးခြင်းသည် အရက်ကြောင် ကြောင်နေသောကြောင့် ပြုလုပ်ခဲ့သည်ဟု သိရှိရပြီး ၎င်းအား အမှတ်(၁၀)မြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။