၂၁. ၆. ၂၀၂၃
Written by Nay Moe
မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်း အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ် မော်တော်ယာဉ်သွားလာမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေတပ်မတော်(PDF) စစ်ကြောင်းများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တို့ ပူးပေါင်းကာ နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု NUG ၏ MOD စစ်ရုံးချုပ်က ယခုထုတ်ပြန်သည်။
ဇွန်လ ၁၈ ရက်နေ့ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် (၂) နေရာခွဲ၍ စစ်ဆေးလျက်ရှိသည်။ ဇွန်လ(၁၈) ရက်နေ့တွင် စစ်ဆေးရေးပြုလုပ်ရာမှတစ်ဆင့် တပ်နှင့်ဆက်နွယ်သူ (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း NUG က ပြောသည်။
NUG ၏ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း NUG က ပြောသည်။