၂၁. ၆. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၊ မန်ဟတ်တန်ရပ်ကွက်အတွင်းရှိ လျှပ်စစ်စက်ဘီးပြုပြင်ရေးဆိုင်တစ်ဆိုင်တွင် ဇွန်လ ၂၀ နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ မီးလောင်ခဲ့ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြပြီး ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။
ခြောက်ထပ်တိုက်အဆောက်အအုံ၏ မြေညီထပ်ရှိ လျှပ်စစ်စက်ဘီးပြုပြင်ရေးဆိုင်မှ ဇွန်လ ၂၀ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်တွင် မီးခိုးများထွက်လာခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာကာ မီးကို ငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြသော်လည်း အပေါ်ဘက်အထပ်များသို့ပါ မီးကူးစက်လောင်ကျွမ်းကာ ကြီးမားသော မီးခိုးလုံးကြီးများထွက်လာခဲ့သည်။ မီးက လီသီယမ်-အိုင်းယွန်း ဘက်ထရီများမှ စတင်လောင်ကျွမ်းခဲ့ခြင်းဟုလည်း နယူးယေ့ာခ်မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။
မီးသတ်တပ်ဖွဲ့မင်းကြီး လော်ရာ ကာဗာနက်က “ လီသီယမ်-အိုင်းယွန်း ဘက်ထရီတွေကနေ စတင် လောင်ကျွမ်းခဲ့တဲ့ မီးက မယုံနိုင်လောက်အောင်ကြီးမားတာ တွေ့ရတယ်။ မီးသတ်တပ်ဖွဲ့အနေနဲ့ မီးကို ပျံ့ နှံ့ခြင်းမရှိမီ ထိန်းချုပ်ဖို့ ကြိုးစားရာမှာ မဖြစ်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်” ဟုပြောခဲ့သည်။
မီးသတ်တပ်ဖွဲ့က လျှပ်စစ်စက်ဘီးပြုပြင်ရေးဆိုင်၏ အပေါ်အထပ်များတွင် နေထိုင်သူများကို ကယ်တင်နိုင်ရန်လည်း ဆောင်ရွက်ခဲ့ရသည်။ မီးကြောင့် အစပိုင်းတွင် အဆောက်အအုံအတွင်း ဒဏ်ရာပြင်းထန်စွာရသူ ခြောက်ဦးရှိခဲ့ရာမှ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
အခြားဒဏ်ရာရရှိသူနှစ်ဦးဖြစ်သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးနှင့် အသက် ၈၀ အရွယ် အမျိုးသားကြီးတစ်ဦးတို့မှာလည်း ဆေးရုံတင်ထားရဆဲဖြစ်ပြီး စိုးရိမ်ရသော အခြေအနေတွင် ရှိသည်ဟု ဆိုသည်။
Ref- CBSNews