၂၁. ၆. ၂၀၂၃
Written By Thandar
ဒရာမာဇာတ်လမ်းပုံစံ “အဖြူရောင်သက္ကရာဇ်”ဇာတ်လမ်းတွဲဟာ ပထမဦးဆုံး ဒရာမာရိုက်ထားတဲ့ ဇာတ်လေးဖြစ်လို့ စိန်ခေါ်မှုလည်းများပါတယ်လို့ သရုပ်ဆောင် ဖြိုးသံသာချိုက MT News ကို ဖွင့်ဟလာပါတယ်။
“ညီမအတွက် ပထမဦးဆုံး ဒရာမာချိုးပြီး သရုပ်ဆောင်ထားရတဲ့ ကားလေးပါ။ ကိုယ့်အဖေနဲ့ ကိုယ်က ငယ်ငယ်ထဲက ကွဲသွားကြတယ်။ ညီမရဲ့ ပထမဦးဆုံး ဒရာမာရိုက်ထားတဲ့ ဇာတ်လေးဖြစ်လို့ စိန်ခေါ်မှုလည်းများပါတယ်။ အတန်းပိုင် ဆရာမသဇင်နွယ်အနေနဲ့ ကိုယ့်အတန်းထဲက ကလေး ၅ ယောက်ကို မနိုင်ဘူးပေါ့။ နောက်ဆုံးကျောင်းအုပ်ဆရာမကြီးက ကျောင်းထုတ်ဖို့အထိတောင် ဖြစ်သွားတယ်။ လူဆိုးလေး ၅ ယောက်နဲ့ ဆရာမအပြင် အဖေနဲ့ သားသမီးမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်လေးလည်းပါပါတယ်”လို့ ဖြိုးသံသာချိုက MT News ကို ပြောပါတယ်။
၂၀၀၀ ပြည့်နှစ်ကို အခြေခံပြီး ရိုက်ကူးမဲ့ အပိုင်း ၂၀ ခန့် ပါဝင်တဲ့ ဒီဇာတ်လမ်းတွဲကို နယ်မြို့က ကျောင်းသား/သူတွေမှာလည်း အခက်အခဲတွေရှိကြတယ်ပြီး ကျောင်းသားတွေ လိမ္မာသွားအောင် ဆရာ၊ ဆရာမတွေက ဘယ်လိုပုံစံ သွန်သင်ဆုံးမရတယ်ဆိုတာကို ဒရာမာပုံ ရိုက်ပြထားတယ်လို့ ဆိုပါတယ်။
ဒီကားရဲ့ ဇာတ်လမ်းကို ပြုံးမောင်နဲ့ ဇာတ်ညွှန်းအဖွဲ့ / ဇာတ်ညွှန်းပိုင်းကို ဆုဆုစံပယ်ဖူး၊ ခင်စံပယ်လှိုင်နဲ့ စန်းယုမောင် တို့က ရေးသားထားပြီး ဒါရိုက်တာဟိန်းကိုကိုက ၂၀၁၉ ခုနှစ်မှာ ပင်းတယဒေသဘက်မှာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းရှိန်ခန့် ၊ ဖြိုးသံသာချို ၊ အကယ်ဒမီ ဝါဝါအောင် ၊ အကယ်ဒမီအောင်ခိုင် ၊ ကံပွင့် ၊ အကယ်ဒမီခင်မိုမိုအေး ၊ ဒေါင်းဝေ ၊ထူးသာ ၊ ဟိန်းမင်း ၊ မချစ်စု ၊ သာသာ၊ အေးအေးအောင် ၊ မျိုးမျိုးခိုင် ၊ ရှင်ပြုံးခင် စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
“အဖြူရောင်သက္ကရာဇ်” ဇာတ်လမ်းတွဲကို ဇွန်လ ၂၃ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီမှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။