၂၁. ၆. ၂၀၂၃
Written by Nyein Kyaw
လာမည့် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(နတ်မောက်)တို့ကို ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်ဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာများကိစ္စရပ်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
အာဇာနည်နေ့တွင် အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပြတိုက်အတွင်း ပြကွင်း/ပြကွက်များ ပြင်ဆင်နိုင်ရန်နှင့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ဇွန်လ ၂၇ရက်မှ ဇူလိုင်လ ၁၈ ရက်အထိ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဇွန်လ ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာထားသည်။
“ပြင်ဆင်မှုအပိုင်းကတော့ ဇူလိုင် ၁၉ မတိုင်ခင်မှာဆိုရင် အများပြည်သူကြည့်ရှုဖို့ကို ကြိုတင်ပြင်ဆင်မှု၊ ခင်းကျင်းမှု ဒါတွေကတော့ နှစ်စဥ်ဆောင်ရွက်နေတဲ့ အနေအထားတွေပေါ့။ ဒီဇူလိုင် ၁၉ မှာ အများပြည်သူအခမဲ့ကြည့်ရှုလေ့လာနိုင်တယ်။ အရင်နှစ်တွေက ရက်တိုးပြီးတော့ကို အများပြည်သူလာရောက်လေ့လာနိုင်တာတွေ ရှိတာပေါ့နော်။ တစ်ခုတော့ရှိတာပေါ့ ပုံမှန်အချိန်နဲ့ ကိုဗစ် ၁၉ ကာလမှာကျတော့ ကျွန်တော်တို့ကတော့ လုံခြုံရေးအရ၊ ကျန်းမာရေးအရ ဒါမျိုးတွေတော့ အဆင့်ဆင့်ပေါ့။ ကျန်းမာရေးအရ ဆောင်ရွက်ခဲ့တဲ့ နှစ်ကာလတွေလည်းရှိတာပေါ့။ အဲဒီအတွက်လည်း ကျန်းမာရေးကိစ္စအတွက်လည်း ပြင်ဆင်ရမယ်။ လာရောက်ကြည့်ရှုလေ့လာတဲ့ အခါမှာ စနစ်တကျလေ့လာနိုင်ဖို့အတွက် ခင်းကျင်းမှုအပိုင်းကတော့ သဘောသဘာဝကတော့ နေရာချထားပြီးသားတွေရှိတယ်။ ပြကွင်း၊ ပြကွက်လေးတွေပဲ ပြောင်းသွားမှာပေါ့နော်။ ပေးဝင်မှာကတော့ ပြတိုက်ဖွင့်ချိန်၊ ပိတ်ချိန်တွေကတော့ ခါတိုင်းပုံမှန်အတိုင်းပါပဲ” ဟု သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့နှင့် ၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် အာဇာနည်နေ့တို့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို အွန်လိုင်းမှတစ်ဆင့် ပြသခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့မှသာ အများပြည်သူများကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။