MT News
Written by Min Mahar
သရက်ခြံသို့ ပေါင်းရှင်းရန်သွားသော အမျိုးသမီးကြီးတစ်ဦး မိုင်းစထိမှန်သဖြင့် သွားရောက်ခေါ်ယူသည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်တစ်ဦးတို့သည်လည်း တိုက်မိုင်းတစ်လုံးထပ်မံပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်ကာဒဏ်ရာများရရှိမှု ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၀ ရက်)နံနက် ၆ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ နတ်ပေးကျေးရွာတွင်နေထိုင်သော အသက် ၆၁ နှစ်ခန့် အမျိုးသမီးကြီးသည် ကျေးရွာအရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာရှိ ၎င်းပိုင်သရက်ခြံသို့ပေါင်းရှင်းရန်သွားရောက်စဉ် ကြိုးတစ်ချောင်းအား ဝင်တိုက်မိရာမှ မိုင်းပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲသံကြောင့် အသက် ၅၇ နှစ်အရွယ်ခန့်ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်အမျိုးသားတစ်ဦးတို့သွားရောက်ကြည့်ရှုခဲ့ကြရာ မိုင်းစထိမှန်ကာ ဒဏ်ရာရထားသော အမျိုးသမီးကြီးအား ရွာသို့ပြန်ခေါ်ယူရန်ပြင်ဆင်နေစဉ်အတွင်း အုပ်ချုပ်ရေးမှူးမှ တိုက်မိုင်း ၁ လုံးအား ထပ်မံတိုက်မိကာ ပေါက်ကွဲခဲ့သဖြင့် ၎င်းနှင့်အတူပါလာသောရုံးအဖွဲ့ဝင်တစ်ဦးပါ မိုင်းစများထိမှန်သွားပြီး ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လုံခြံရေးတပ်ဖွဲ့ဝင်များမှသွားရောက် စစ်ဆေးခဲ့ရာ အမျိုးသမီးကြီးသည် ဝဲဘက်ခြေဖမိုးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသလုံးဖောက်ဝင်/ထွက်သွားသည့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းရင်းကိုလည်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ကုတ်ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့သည်။
အလားတူပင် ကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း ယာဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖျံပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဒူးဆစ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် အသက် ၅၇ နှစ်အရွယ်ရှိသည့် ရုံးအဖွဲ့ဝင်အမျိုးသားကြီးမှာမူ ယာဘက်လက်မောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာဘက်ဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့အသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ကန့်ဘလူမြို့၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။