၂၁. ၆. ၂၀၂၃
Written by Peya
မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) နှင့် စေတနာရှင်များက ရန်ကုန်သို့ ငွေ လာရောက်လှူဒါန်းခဲ့ကြောင်း အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးစန်းဝင်းက MT News သတင်းဌာနသို့ ပြောသည်။
ယခု လှူဒါန်းရာတွင် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) (ခ)ကပုန်း (၇)-ရက်သားသမီးနာရေးကူညီမှုအသင်း (မလေးရှား) မှ အသင်းသူ/သား အမှုဆောင်များ၏ မ,တည်အလှူငွေ၊ သူငယ်ချင်း မိတ်သင်္ဂဟများ၏ သွားလာကြုံကြိုက်ခိုက် အလှူငွေနှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘလက်ကောင်းမြို့နှင့် ကလန်းမြို့က မြန်မာစီးပွားရေးစျေးဆိုင်လုပ်ငန်ရှင်များနှင့် စျေးဝယ်လာသူ မြန်မာနိုင်ငံသားများ၏ လှူဒါန်းမှုဖြစ်ပြိး ကျပ်သိန်း ၁၀၀ တိတိကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“လှူဒါန်းတာကို ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်နဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းတို့က လက်ခံပြီး အလှူရှင်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်” ဟု ဦးစန်းဝင်းက ဆိုသည်။
မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) (ခ) ကပုန်း(၇)-ရက်သားသမီးနာရေးကူညီမှုအသင်း (မလေးရှား)သည် မလေးရှားရောက် မြန်မာနိူင်ငံသားများ၏ သာရေး၊ နာရေးနှင့် အလုပ်သမားရေးရာကိစ္စများကို ကူညီနေသည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာပြည်တွင်းက ရေဘေး နှင့် ကိုဗစ်ကာလ အပါအဝင် ဘေးအန္တရာယ်ကိစ္စများတွင်လည်း ယခင်ကပင် ကူညီခဲ့သည်။