၂၁. ၆. ၂၀၂၃
Written by Pan Ei
ပေါ်တူဂီအသင်းတိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီအသင်းက အိုက်စလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲမှာ နိုင်ငံတကာပွဲ ၂၀၀ ပြည့်မြောက်ခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက်မှာ ပထမဆုံးသော ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် ကစားသမား ရော်နယ်ဒိုဟာ နိုင်ငံအသင်း ပေါ်တူဂီအတွက် ပွဲဦးထွက်ကစားပြီး နှစ် ၂၀ နီးပါးအကြာမှာ ပွဲအရေအတွက် ၂၀၀ ပြည့်မြောက်ခဲ့ပြီး မတ်လတုန်းက ကူဝိတ်တိုက်စစ်မှူး ဘာဒါ အယ်မူတာဝါ ရဲ့ ၁၉၆ ပွဲစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကာ မနေ့က ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းအဖွဲ့ရဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် ပေါ်တူဂီအသင်းအတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု J မှာ လေးပွဲကစားအပြီး စတုတ္ထမြောက်နိုင်ပွဲအဖြစ် ပေါ်တူဂီအသင်းက အိုက်စလန်အသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ပွဲပြီးခါနီး ၈၉ မိနစ်မှာ ရော်နယ်ဒိုက သွင်းယူပေးနိုင်ခဲ့တာပါ။
ရော်နယ်ဒိုက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၀၀ ပြည့်မြောက်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိကြောင်းကို “အရမ်းပျော်ပါတယ်။ ပွဲ ၂၀၀ ပြည့်အောင် ကစားနိုင်ဖို့ဆိုတာ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ကျွန်တော့်အတွက်တော့ ဒါဟာ မယုံနိုင်စရာ အောင်မြင်မှုတစ်ခုပါပဲ။ အနိုင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့တဲ့အတွက် ပိုပြီးလည်း ထူးခြားခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မန်ယူချက်စတာနိုက်တက်နဲ့ ရီးရဲမက်ဒရစ် ကစားသမားဟောင်းဖြစ်တဲ့ ရော်နယ်ဒိုဟာ အင်္ဂါနေ့မှာ ပေါ်တူဂီအသင်းအတွက် ၁၂၃ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကိုလည်း ပြန်ချိုးနိုင်ခဲ့ပါတယ်။
ကွင်းလယ်ကစားသမား ယာအို မော်တင်ညိုက ပေါ်တူဂီအသင်းအတွက် ၁၄၆ ပွဲကစားထားကာ ဒုတိယမြောက် ပွဲအရေအတွက်အများဆုံး အမျိုးသားကစားသမားအဖြစ် ရပ်တည်နေပြီး နောက်ခံလူ ပီပီက ၁၃၃ ပွဲနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
Ref; Al Jazeera