MT News
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မိုခါလေဘေးသင့်ပြည်သူတွေအတွက် ပါဝင်ကစားခဲ့ကြတဲ့ Movie FC ဘောလုံးအသင်းကို ဂုဏ်ပြုငွေ ကျပ်သိန်း၂၀ ပေးအပ်ခဲ့ပါတယ်။
“Movie FC ဘောလုံးအသင်းက ရုပ်ရှင်အစည်းအရုံး လောကသားတွေ ကိုယ်စား ဘောလုံးဝင်ကန်ပေးကြလို့ ဂုဏ်ပြုငွေအနေနဲ့ ချီးမြှင့်လိုက်တာပါ။ သူတို့လည်း အားသွန်ခွန်စိုက် ကြိုးစားပြီး အဖက်ဖက်က ကူညီကြတယ်လေ။ သူတို့အသင်းက ဒုတိယဆုရတာမို့ အစည်းအရုံးက ကျပ်သိန်း ၂၀ကို ချီးမြှင့်လိုက်တာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကိုပြောပါတယ်။
Movie FC ရုပ်ရှင်ဘောလုံးအသင်းကလည်း ချီးမြှင့်ငွေ ကျပ် သိန်း ၂၀ ထဲက ရုပ်ရှင်အစည်းအရုံးဝင်သားသမီးတွေရဲ့ ပညာသင်စရိတ်ထောက်ပံကြေးအတွက် ကျပ် ၁၀ သိန်းကို ပြန်လည်လှူဒါန်းပါတယ်။
“ကျွန်တော့် Movie FC အသင်းက ဒုတိယဆုရလို့ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌဦးကြည်စိုးထွန်းက ဆုငွေ ချီးမြှင့်ပေးခဲ့တာပါ။ အနုပညာသားတွေရဲ့ သားသမီးကျောင်းတက်တဲ့အခါမှာ အခက်အခဲတချို့မှာ သုံးစွဲနိုင်ဖို့အတွက် ပြန်လည်ပြီး ကျွန်တော့်အသင်းက ငွေ ၁၀ သိန်း ပြန်လှူလိုက်တာပါ။ ကျန်ငွေကိုတော့ ကျွန်တော်တို့ သင်ပြပေးတဲ့ နည်းပြတို့၊ တခြားသူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးဖို့ စီစဉ်ထားပါတယ်”လို့ Movie FC ရုပ်ရှင်ဘောလုံးအသင်းဝင် သရုပ်ဆောင် အိစိကွေးက MT News ကိုပြောပါတယ်။
ဇွန်လ ၁၆ ရက်နဲ့ ဇွန်လ ၁၇ ရက်မှာ မိုခါရန်ပုံငွေ ဘောလုံးပြိုင်ပွဲနဲ့ တေးဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့ရာ Music Fc က ပထမဆု ၊ Movie FC က ဒုတိယဆု ၊ Old Star FC က တတိယဆုနဲ့ Forever FC က အသန့်ရှင်းဆုံးဆုတွေကို အသီးသီးရရှိခဲ့တာပဲဖြစ်ပါတယ်။