၂၀. ၆. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏တပ်မတော်အစိုးရအပေါ် ဖိအားပေးမှုများ ထပ်မံပြုလုပ်သည့်အနေဖြင့် မြန်မာအစိုးရ၏ နိုင်ငံပိုင်ဘဏ်နှစ်ခုကို ယနေ့ ဇွန်လ ၂၀ ရက်မှစ၍ ပိတ်ဆို့မှုပြုလုပ်ခဲ့သည်ဟု သံတမန် သတင်းအရင်းအမြစ်တစ်ခုအရသိရကြောင်း Thai PBS World သတင်းဌာနက ဖော်ပြခဲ့သည်။
ပိတ်ဆို့မှုပြုခဲ့သော မြန်မာအစိုးရ၏ နိုင်ငံပိုင်ဘဏ်များမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ဖြစ်ပြီး မြန်မာအစိုးရ၏ ငွေကြေးဆိုင်ရာအခွင့်အလမ်းများကို ကန့်သတ်မှုပြုခြင်းဖြင့် မြန်မာအစိုးရ၏နိုင်ငံအတွင်း ဖိနှိပ်ချုပ်ချယ်မှုနှင့် စစ်ပွဲဆင်နွှဲမှု လျှော့ပါးစေရန် ရည်ရွယ်သည်ဟု အမေရိကန်အစိုးရက ဆိုကြောင်း အဆိုပါသတင်းအရင်းအမြစ်က ပြောခဲ့သည်။
မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်ပေါကြွယ်ဝသော နိုင်ငံဖြစ်ကာ အိမ်နီးချင်းနိုင်ငံများ၊ ပင်လယ်ရပ်ခြားနိုင်ငံများနှင့် ခိုင်မာသော ကုန်သွယ်ရေးလည်းရှိသည်။ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများကမူ မြန်မာအစိုးရ၏ ဝင်ငွေလျော့နည်းစေရန်နှင့် နိုင်ငံခြားဝင်ငွေများကိုလည်း ဖြတ်တောက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံက ပြည်ပတင်ပို့သော သဘာဝသယံဇာတများမှ ဝင်ငွေများကို လျော့ကျစေရေး ကြိုးပမ်းနေကြခြင်းဖြစ်သည်။
အမေရိကန်အစိုးရက မြန်မာအစိုးရနှင့် လူပုဂ္ဂိုလ်တစ်ဥိးချင်းစီအပေါ်ပါ ပိတ်ဆို့မှုအမျိုးမျိုးကို အနောက်အုပ်စုနိုင်ငံများနှင့်ပူးပေါင်း၍ပြုလုပ်ခဲ့သည်။ မြန်မာစစ်ဖက်ခေါင်းဆောင်အများအပြားနှင့် လုပ်ဖော်ကိုင်ဖက်အဖွဲ့ဝင်များကိုလည်း ပိတ်ဆို့မှုများပြုလုပ်နေသည်။
အထက်ပါမြန်မာအစိုးရ၏ နိုင်ငံပိုင်ဘဏ်နှစ်ခုမှာလည်း အမေရိကန်အစိုးရ၏ပိတ်ဆို့မှုကြောင့် အမေရိကန်နှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်မည် မဟုတ်ဟု သိရသည်။
Ref—–Thaipbsworld