၂၀. ၆. ၂၀၂၃
Written By Thandar
Golden Spider ရုပ်ရှင်ထုတ်လုပ်ရေးက ဂျူးဂျူးစံ စီစဉ်ရိုက်ကူးမယ့် “နပ်သွားပြီ” ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ပွဲအခမ်းအနားကို ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဖိုးစိန်လမ်းပေါ်ရှိ K မင်းသားကြီး စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
“နပ်သွားပြီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၂၃ ခုနှစ်အမှီ ရုံတင်ပြသမယ့် ဇာတ်ကားလေးပါ။ ဒီကားကြီးက တကယ်ကို ထွက်မှာလား တကယ်ရော ရုံတင်ပြသမှာလား ဆိုတာမျိုးကို သိချင်လို့ မေးထားတာလည်း ရှိကြတော့ အခုက အကုန်လုံးကို ဒီကားလေးထွက်ရှိလာမယ့်အကြောင်းကို သေချာလေး အသိပေးကြေညာချင်ပါတယ်။ Golden Spider ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဂျူးတို့စီစဉ်တဲ့ဒီကားထဲမှာ ဝါရင့်အနုပညာရှင်တွေလည်းပါဝင်ပြီး မျက်နှာသစ်သရုပ်ဆောင်များစွာလည်း ပါဝင်မှာဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ မျက်နှာသစ်သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ဘယ်လိုမျိုးမြင်တွေ့ရမလဲဆိုတာကို ဆက်လက် စောင့်ကြည့်အားပေးပါလို့ ပြောချင်ပါတယ်”လို့ စီစဉ်သူ ဂျူးဂျူးစံကပြောပါတယ်။
ဒီသရုပ်ဆောင်ရွေးချယ်ပွဲမှာ မျက်နှာသစ် သရုပ်ဆောင်တွေက အကဲဖြတ်ဒိုင်တွေရှေ့မှာ သရုပ်ဆောင်အရည်အချင်းကို ပြသခဲ့ပါတယ်။ အကဲဖြတ်ဒိုင်အနေနဲ့ ဟာသလူရွှင်တော် သရုပ်ဆောင် ကံပွင့်၊ ဒါရိုက်တာ ဦးရွှေမိုး၊ ဦးမြိုင် (မြိုင်အနုပညာ) ၊ ဦးတင်ထွန်းအောင်နဲ့ ဆရာမ မြတ်သစ္စာတို့က အကဲဖြတ်ပေးခဲ့တာဖြစ်ပါတယ်။
“ဒီနေ့ပွဲကျတော့ နပ်သွားပြီ ရုပ်ရှင်ကားကြီးပေါ်မှာ ရွေးချယ်ပြီးသား လူတွေထဲက ဘယ်သူကတော့ အနုပညာအရည်အချင်း ဘယ်လောက်ရှိပါတယ်ဆိုတာလေးကို ချပြတာပါ။ အခုဆိုရင် ကလေးတွေက အစမ်းသရုပ်ဆောင်ပြကြတယ်။ ဒီပွဲမှာတော့ဉီးကံပွင့်က လာရောက်ကူညီပေးတဲ့သဘောပါ။ အခုဆိုရင် သရုပ်ဆောင်ရွေးချယ်ပွဲတွေကလည်း အရမ်းကိုခေတ်စားလာတယ်။ ဒီလိုမျိုးရွေးချယ်ပွဲတွေက တစ်နိုင်ငံလုံး အတိုင်းအတာမှာရှိတဲ့ အနုပညာဝါသနာပါတဲ့သူတွေအတွက် အခွင့်အလမ်းကောင်းတစ်ခုလို့ မြင်ပါတယ်”လို့ ဟာသလူရွှင်တော် သရုပ်ဆောင် ကံပွင့်က ပြောပါတယ်။
ဂျူးဂျူးစံ စီစဉ်ပြီး ဒါရိုက်တာ ကိုရွှေမိုး ရိုက်ကူးမယ့် “နပ်သွားပြီ” ရုပ်ရှင်ဇာတ်ကားမှာ မျက်နှာသစ် သရုပ်ဆောင်တွေဖြစ်တဲ့ သရုပ်ဆောင် ယဉ်၊ ဆည်းဆာလင်း၊ ယုယလင်းလက်၊ မေမြတ်သူသူ၊ မြသန္တာနွယ်၊ ထက်မြက်ကိုကို ၊ ရဲထက်ကျော်၊ အောင်မိုးစံ၊ တိမ်ယံမိုး၊ ကောင်းဝေယံတိုက ဟာသသရုပ်ဆောင်များစွာနဲ့အတူ ရိုက်ကူးပြီး ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။