၂၀. ၆. ၂၀၂၃
Written by Nay Moe
ကယားပြည်နယ် မယ်စဲ့တွင် BGF က KNPLF အမည်ပြောင်းကာ စခန်းကုန်းအချို့ သိမ်းယူလိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။
BGF နှစ်ဖွဲ့ဖြစ်သော မယ်စဲ့မြို့နယ်၊ ပန်တိမ်း အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၄) သည် မူလအတိုင်း KNPLF (4878) တပ်ရင်း အဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) သည် မူလအတိုင်း KNPLF (7894)တပ်ရင်း အဖြစ်လည်းကောင်း ပြန်လည်ရပ်တည်ကာ အလံ၊ ယူနီဖောင်း ၊ ဘက်တံဆိပ်များ ပြောင်းလဲတပ်ဆင်ခဲ့ကြသည်။ ယင်းတို့ ပြောင်းလဲလိုက်သော KNPLF သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သော ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF) ဖြစ်ပြီး ထိုသို့ ပြောင်းလဲတိုက်မှုကြောင့် SAC ၏ လခရများနှင့် KNPLF တို့အကြား မယ်စဲ့မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသည်။
ဇွန်လ ၁၄ ရက်မှစ၍ KNPLF သည် ဌာနချုပ် အခြေစိုက်ရာ ဟိုစဲမြို့သစ်ဝန်းကျင်မှ SAC ၏ မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းနှင့် ထိုင်းမြန်မာနယ်ခြားအမှတ် (BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်း တို့ကို တိုက်ခိုက်သိမ်းယူခဲ့သည်။ ထို့အတူ BGF အခြေစိုက်ရာ နယ်ခြားစောင့်တပ် အမှတ် (၁၀၀၄) နှင့် (၁၀၀၅) တပ်ရင်းဌာနချုပ်စခန်း ၂ ခုကိုလည်း တစ်ပါတည်း စီးနင်း ထိန်းချုပ်ထားခဲ့သည်။
KNPLF ၏ တိုက်ခိုက်မှုကြောင့် မယ်ဟောင်ဆောင်သို့ ထွက်ပြေးတိမ်းရှောင်နေရသော မယ်စဲ့ဒေသခံပြည်သူများ (Photo-AEC News)
လက်ရှိတွင် ကလလတ (KNPLF) ၏ ဟိုစဲ့မြို့သစ်မှ ဌာနချုပ်၊ ဖားဆောင်းမြို့၏ သံလွင်မြစ် တဖက်ကမ်းမှ KNPLF စခန်းများ၊ ဂိတ်များကို လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခြင်းတို့ကို အပြင်းအထန် ပြုလုပ်ခဲ့ပြီး ရက်သတ္တပတ်ခန့် တိုက်ပွဲများပြင်းထန်နေပြီးနောက် BGF (၁၀၀၄) စခန်းကို တပ်မှ ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ ထို့ကြောင့် KNPLF ထို BGF (၁၀၀၄)စခန်းနှင့် BP (13) တပ်စခန်းတို့ကို သိမ်းယူနိုင်ရေး ဆက်လက်တိုက်ခိုက်ကြိုးပမ်းနေသည်။
လက်ရှိအခြေအနေတွင် ကလလတ (KNPLF) နှင့်အတူ 4K တပ်ပေါင်းစုအဖြစ် မဟာမိတ်စုဖွဲ့ထားသော KNU/KNLA, KNPP/KA, KNDF တို့က မယ်စဲ့မြို့နယ်တွင် လက်တွဲ တိုက်ခိုက်လျက်ရှိသလို ဒီးမော့ဆို အရှေ့ခြမ်းသို့ ထိုးစစ်ဆင်ရန် ရောက်ရှိနေသော တပ်များ၊ ဖရူဆို- ဘောလခဲနှင့် ဖားဆောင်း အခြေစိုက်တပ်များကို ဖားဆောင်းတွင် အင်အားစုဖွဲ့ပြီး မယ်စဲ့မြို့နယ်မှ EAOs တပ်စုများကို ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟုလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ထုတ်ပြန်သည်။
လက်ရှိတွင် KNPLF နှင့် EAOs PDF ပူးပေါင်းတပ်များက မယ်စဲ့မြို့နယ်ကို ထိန်းချုပ်သိမ်းပိုက်ရန်ကြိုးစားနေမှုကြောင့် ဒေသခံပြည်သူ ၄၀၀၀ ခန့်မှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထိုင်း AEC News က ဖော်ပြထားသည်။