၂၀. ၆. ၂၀၂၃
Written By Thandar
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေပွဲမှာ ပါဝင်ကူညီပေးသူတွေကို ဂုဏ်ပြုပွဲကို ဇွန်လ ၁၉ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ SKY STAR HOTEL မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ ဟာသပညာရှင်များ အစည်းအရုံးတို့က နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌစတဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေရဲ့ ပဒေသာကပွဲကို ဇွန် ၂ ရက်၊ ၃ ရက်နဲ့ ၄ ရက်တို့မှာ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ စုပေါင်းဖျော်ဖြေတင်ဆက်ပြီး ရန်ပုံငွေရှာဖွေခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၁၆ ရက်နဲ့ ဇွန်လ ၁၇ ရက်တို့မှာလည်း မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းမှာ ရုပ်ရှင်အသင်း (MOVIE FC)၊ ဂီတအသင်း (MUSIC FC)၊ ညွန့်ပေါင်းအသင်း (OLD STAR FC)၊ FOREVER FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်တွေကလည်း တခဲနက်လာရောက်အားပေးခဲ့ပါတယ်။
ဒီလိုပွဲမှာ စေတနာသဒ္ဓါတရား ထက်သန်စွာ အလှူငွေများစွာ ထည့်ဝင်လှူဒါန်းခဲ့သူလည်း ရှိခဲ့ပါတယ် ။ မကြာမီကာလမှာ ဒီရန်ပုံငွေပွဲတွေက ရရှိလာတဲ့အလှူငွေတွေကို အနုပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေက ရခိုင်ပြည်နယ်အထိ ကိုယ်တိုင် သွားရောက်လှူဒါန်းကြမယ်လို့ သိရပါတယ်။