၂၀. ၆. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ဖုန်းလုပြေးသူများမှာ ဆီဘောက်ဆာကားကို ဝင်တိုက်မိသောကြောင့် ၁ ဦးကို ဒဏ်ရာဖြင့် ဖမ်းမိခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ ငါးမန်းတံတားအဆင်း၊ တပင်ရွှေထီးလမ်းမကြီးတွင် ဇွန်လ ၁၉ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ကွက်ထဲကနေ ဖုန်းလုပြေးတာ။ ရပ်ကွက်ထဲကနေ အထွက် ငါးမန်းတံတားဆိုတာ ရှိတယ်။ သူတို့က လမ်းကြားထဲကနေ အထွက် ဆီဘောက်ဆာက သူ့ဘာသာသူ မောင်းသွားတာကို ဝင်တိုက်တာ။ တစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ တစ်ယောက်က ကားအောက်ထဲ ဝင်နေတာ။ သူက မထနိုင်တော့ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ဖြစ်စဉ်တွင် ကားအောက်သို ရောက်သွားသူကို ပြန်ဆွဲထုတ်ခဲ့ရကာ အသက်မသေခဲ့သော်လည်း တိုက်မိသည့်အရှိန်ကြောင့် လက်ကောက်ဝတ်က စကာ လမ်းချောင်းများအထိ ကျိုးသွားသည်ကို တွေ့ရပြီး ဆေးကုသရန်အတွက် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ခဲ့ရကြောင်း သိရသည်။
“ကားအောက်ထဲ ရောက်သွားတဲ့သူက အသက် ၂၂ နှစ်ပါ။ ထွက်ပြေးသွားတဲ့သူကို မမြင်လိုက်တော့ အသက်မမှန်းတတ်ဘူး။ သူလည်း အဲ့ဒီ အသက်ဝန်းကျင်လောက် ရှိမယ်” ဟု ၎င်းက ဆိုသည်။