MT News
Written by Nain Thuta
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆိုင်ကယ်အပိုပစ္စည်းများ သိုလှောင်ထားသည့်နေအိမ်၌ ယမန်နေ့ညက ဝါယာကြိုးပေါက်ပြဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင်လည်း ထပ်မံ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၁၈ ရက် ည ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ ၆၃ (A)လမ်းနှင့် ၁၃၂ လမ်း(မဂ်လာလမ်း) ထောင့်ရှိ ဆိုင်ကယ်အပိုပစ္စည်းများ သိုလှောင်ထားသည့်နေအိမ်အပေါ်ထပ်တွင် ဝါယာကြိုးပေါက်ပြဲရာမှတစ်ဆင့်ရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယနေ့ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း ထပ်မံ၍ ယမန်နေ့ညကလောင်ကျွမ်းခဲ့သည့် မီးကြွင်းမီးကျန်များထဲမှ မီးခိုးများပြန်လည်ထွက်ကာ မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်အပိုပစ္စည်းတွေ သိုလှောင်ထားတဲ့အိမ်က မနေ့ညက မီးလောင်ခဲ့ပြီး ဒီနေ့နေ့လည်မှာလည်း အဲ့ဒီမီးလောင်ခဲ့တဲ့မီးကြွင်းထဲက မီးခိုးတွေပြန်ထွက်လာတာပါ။ မီးက မနေ့က အချိန် ၂ နာရီလောက်ငြှိမ်းသတ်ခဲ့ရပေမဲ့ ဒီနေ့တော့မီးမများပါဘူး။ ခဏလေးဝိုင်းငြှိမ်းသတ်ခဲ့တာပါ” ဟုမြို့ခံပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယမန်နေ့ညနှင့် ယနေ့တွင်လည်း ၎င်းမီးလောင်ကျွမ်းရာသို့ မန္တလေးတိုင်းမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်း၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ ရှာဖွေကယ်ဆယ်ရေးယာဥ်နှင့် အဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက မီးဝိုင်းငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသတ်နိုင်ခဲ့ကာ ဆုံးရှုံးမှုကာလတန်ဖိုး သိန်း ၆၀ ကျပ်ခန့် မီးလောင်ကျွမ်းခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲခဲ့သည့် အိမ်ရှင်အား သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။