MT News
Written by Nay Moe
မြောက်ဥက္ကလာပ ရဲစခန်းနှင့် ၆ ဖာလုံခန့်အကွာတွင်ရှိသည့် မြတ်မောင် စိန်ရွှေရတနာဆိုင်မှာ စိန်ရွှေရတနာများအား ကျပ်သိန်း ၁၇၀၀၀ ဖိုးခန့် ဓားပြတိုက်လုယက်ခဲ့သည့် တရားခံ ၉ ဦးအား ၅ နာရီအတွင်း ဖမ်းမိခဲ့သည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ မေဒါဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်သို့ အမျိုးသား ၃ ဦးမှ ပစ္စတို ၂ လက်ကိုင်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဧည့်ကြိုဝန်ထမ်း ၂ ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၆,၆၀၀ ခန့်) တို့အား သေနတ်ပြခြိမ်းခြောက်ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ပြခြိမ်းခြောက်ဓားပြတိုက် လုယက်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးရာ ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဓားပြတိုက်လုယက်သူများသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ “အကယ်ဒမီ” ဟိုတယ်၌ ရောက်ရှိခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ ကိုကိုအောင်၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ပပလှိုင်တို့ ၂ ဦးအား ဖမ်းမိခဲ့သည်။
တရားခံ ကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓားပြတိုက်ရာတွင်ပါဝင်ခဲ့သော တရားခံများဖြစ်သည့် ကောင်းထက်စံ (ခ) တရုတ်ကြီးအား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (၂) ရပ်ကွက်၊ နဝရတ်လမ်း၊ အိမ်အမှတ် (၂/၂၀၆) ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ ကျော်ဇင်လတ်၊ ကောင်းမြတ် (ခ) Blank၊ ဖြိုးကိုကိုနှင့် ကျော်ဇင်ဝေတို့အား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (၅) ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်း၊ တိုက်အမှတ် (၁၀၁) တွင်လည်းကောင်း M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့်၊ ဓားပြတိုက်လုယက်ရာမှ ယူဆောင်သွားခဲ့သော ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သည်။
အလားတူ ဖမ်းဆီးရမိတရားခံ ကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သော တရားခံများဖြစ်သည့် စောဂျိုးဇက် (ခ) ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့အား မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းကျေးရွာ၌ M-16 ၁ လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့နှင့်အတူ M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့်တို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။