၁၉. ၆. ၂၀၂၃
Written by Naing Thuta
လူငယ်အမျိုးသားနှစ်ဦး လယ်တောထဲ၌ အရက်အတူတူသောက်နေရင်း အချင်းချင်း အငြင်းပွားစကားများရန်ဖြစ်ရာမှ တူမီးသေနတ်ဖြင့်ပစ်ခတ်မှု တာချီလိတ်မြို့နယ်တွင် ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၁၈ ရက် ည ၇ နာရီထိုးပြီးစက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုပုံးကျေးရွာအနီးရှိ လယ်တဲထဲ၌ ဆီလီငေါက်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ်ခန့်ရှိသောအမျိုးသားနှင့် ပန်ဟတ်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၆ နှစ်ခန့်ရှိသည့် အမျိုးသားတို့နှစ်ဦးသည် အရက်အတူတူသောက်နေရင်း အချင်းချင်းအငြင်းပွားကာ စကားများရန်ဖြစ်ရာမှ အသက် ၂၆ နှစ်အရွယ်အမျိုးသားသည် အနီးရှိ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျန်တစ်ဦးမှာလည်း ဓားဖြင့်ပြန်လည်ခုတ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စကားများရန်ဖြစ်မှုကြောင့် တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ရင်ဘတ်ဝဲဖက်ရင်အုံတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဓားဖြင့်ခုတ်ခံရသူသည်လည်း ခါးနှင့်ယာဖက်ပါးတွင် ဓားဒဏ်ရာ ရရှိသွားသဖြင့် ရွှေမယ်ယန်းပရဟိတအသင်းမော်တော်ယာဥ်ဖြင့် တာချီလိတ်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။