MT News
Written by Thettant
သံဃာအပါး ၁၀၀၀ လှူဒါန်းပွဲနဲ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲ ရွှေတိဂုံစေတီတော်၌ ကျင်းပမည်
ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ် သံဃာအပါး ၁၀၀၀ လှူဒါန်းပွဲနဲ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲကို မနက်ဖြန် ဇွန် ၁၈ ရက် မနက် ၇ နာရီခွဲမှာ ကျင်းပသွားမှာပါ။
ဗီယက်နမ်နိုင်ငံက အလှူရှင်တွေက လှူဒါန်းပူဇော်တာလို့ သိရသလို ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက်မုခ်က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်တန်ဆောင်းမှာ ကျင်းပသွားမှာလို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒေါ်စောရွှေကို ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ကြေညာပါတယ်။
SAC စစ်ကြောင်းကို အလစ်တိုက်ချိန် သေခဲ့သူ PDF နှစ်ယောက် အသုဘ ပြုလုပ်
ဇွန် ၁၅ ရက်က အုန်းတွဲကျေးရွာအနီးတိုက်ပွဲမှာ လခရစစ်ကြောင်းကို အလစ်မှာ ပြောက်ကျားတိုက်ဖို့ကြိုးစားရင်း ကင်းပုန်းနဲ့တိုးလို့ သေပွဲဝင်ခဲ့ရတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းရဲ့တပ်စုမှူးဝေယံလင်းနဲ့ တပ်သားဝင်းကိုနိုင်တို့ကို ဒီနေ့မြေမြှုပ်လိုက်ပါပြီ။ ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ မသေဘဲ ဖမ်းခံရတဲ့ တပ်သားဆန်းဦး အခြေအနေ မသိရသေးဘူးလို့ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းက ပြောပါတယ်။
မြန်မာ့အရေး ထိုင်းအစိုးရပြုလုပ်မဲ့ ဆွေးနွေးပွဲ NUG ရှုတ်ချကန့်ကွက်
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်တာနဲ့ SAC ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖို့ ထိုင်းက စီစဉ်ထားတာကို စိတ်ပျက်တယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲက အာဆီယံမူ ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပြီး မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်လို့ လက်မခံဘူးဆိုတာနဲ့ အစည်းအဝေးဖျက်သိမ်းပါလို့လည်း NUG က တောင်းဆိုပါတယ်။