MT News
Written by Tha Doe
အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် ဆုရရှိသူများကို နိုင်ငံတော်က ကျပ် ၁၂၈၀၅ သိန်း ချီးမြှင့်ခဲ့ပြီး အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားကို SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အာဆီယံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ASEAN Para Sports Federation (APSF)ကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး မသန်စွမ်းသူများအားကစားပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်သည့်ပြိုင်ပွဲများတွင် အားကစားသမားဦးရေ အနည်းငယ်သာဖြစ်သော်လည်း ပြိုင်ပွဲဝင်အားကစား အမျိုးအစားတိုင်းတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် (၁၁)ကြိမ်မြောက်ပြိုင်ပွဲတွင် အားကစားသမား(၆၉) ဦးဖြင့် ရွှေတံဆိပ်(၁၄)ခု အပါအဝင် စုစုပေါင်းဆုတံဆိပ်(၄၃)ခုနှင့် နိုင်ငံအလိုက် ရပ်တည်မှုအဆင့်(၆)ရရှိခဲ့သည်ကိုတွေ့ရပြီး ယခု(၁၂)ကြိမ်မြောက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၈)နည်း၊ အားကစားသမား(၈၂)ဦးနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်(၁၅)ခု၊ ငွေတံဆိပ်(၂၂)ခု၊ ကြေးတံဆိပ်(၁၉)ခု၊ စုစုပေါင်း ဆုတံဆိပ်(၅၆)ခု ရရှိပြီး ပြိုင်ပွဲဝင်(၁၁)နိုင်ငံအနက် အဆင့်(၆) ရရှိခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်မှ ၁၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် (ဖိတ်ခေါ်) အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် ဘရူးနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့်မလေးရှား စုစုပေါင်း ၈ နိုင်ငံတို့မှ အားကစားသမား ၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၃ ခု၊ စုစုပေါင်းဆုတံဆိပ် ၇ ခု ရယူပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုလည်း ဂုဏ်ပြုဆုငွေများ ထည့်သွင်းချီးမြှင့်ပေးခဲ့သည်။
နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြုဆုချီး မြှင့်ခြင်း အခမ်းအနားတွင် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများ၌ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေ ကျပ် သိန်း ၃၀ စီပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေအနေဖြင့် ငွေကျပ် ၁၂၂၉၅ သိန်းဖြစ်ကြောင်း သိရသည်။
ထို့အတူ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၅၀၊ နည်းပြများနှင့်အုပ်ချုပ်သူများကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သဖြင့် မသန်စွမ်းအားကစားသမားများနှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသစားသမားများကို ဂုဏ်ပြုဆုငွေချီးမြှင့်မှု စုစုပေါင်းမှာ ငွေကျပ် ၁၂၈၀၅ သိန်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ မသန်စွမ်းသူအရေအတွက်မှာ ကမ္ဘာ့လူဦးရေ၏ (၁၆)ရာခိုင်နှုန်း၊ သန်းပေါင်း(၁၃၀၀)ခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်း၌ ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း၊ လူဦးရေ ၅ ဒသမ ၉၆၈ သန်းကျော်သည် မသန်စွမ်းသူများ ဖြစ်ကြသည်ဟုလည်း သိရသည်။