၁၈. ၆. ၂၀၂၃
Written by Thettant
ဒီနှစ် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ရဲ့ အမျိုးသမီးလက်ဝှေ့ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ်ထရူးသီဖောင်(Trieu Thi Phuong)နဲ့ မြန်မာဆိုတဲ့ ခေါင်းစဥ်အောက်မှာ ထိုးသတ်နေတဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာတို့ရဲ့ ဒီနေ့ Thai Fight ပွဲမှာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ်က လက်ကာပြ အရှုံးပေးအောင် ဘရော်နီကာက ထိုးသတ်နိုင်ခဲ့ပါတယ်။
ဒီပွဲဟာ ကယန်းလူမျိုး မြန်မာလက်ဝှေ့မယ် ဘရော်နီကာရဲ့ ၁၃ ကြိမ်မြောက် အနိုင်ပွဲလည်းဖြစ်ခဲ့ပြီး ထရူးသီဟာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင်ပီပီ ပထမအချီမှာ ဘရော်နီကာအထိနာအောင် ဆိုင်ထိုးပြိုင်ထိုးနိုင်ခဲ့လို့ မြန်မာ့ကျားသစ်မယ်ဟာ ခက်ခဲတဲ့ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရတာပါ။ ဒုတိယအချီမှာတော့ ဆိုင်ထိုးပြိုင်ထိုးနေတဲ့ကြားက Thai Fight ရဲ့ အမျိုးသမီးဘုရင်မ ဘရော်နီကာဟာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင်ကို နှာခေါင်းသွေးယိုအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။
ဘရော်နီကာ ဒိုင်ပွဲရပ်နဲ့နိုင်စေမဲ့ တတိယအချီဟာ တစ်မိနစ်တောင်မကြာဘဲ ဘရော်နီကာရဲ့ ထိုးသတ်မှုတွေ အရိုင်းဆန်အကြမ်းခံတဲ့ ပေါက်ကွဲမှုတွေကြားမှာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင်ထရူးသီဟာ အရှုံးပေးကြောင်းလက်ကာရင်း ထွက်ပြေးတဲ့နောက်မှာတော့ မြန်မာ့ကယန်းကျားသစ်မယ်ဟာ ဒိုင်ပွဲရပ်နဲ့ နိုင်ခဲ့ပါပြီ။
ဘရော်နီကာနဲ့ ထရူးသီတို့ရဲ့ ဒီနေ့ပွဲဟာ အီတလီလက်ဝှေ့မယ် Ester Viola ကို အီတလီနိုင်ငံမှာ ဧပြီ ၂၂ ရက်ညက ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ချိန် သူ့အိမ်ကွင်း သူ့ပရိသတ်ရှေ့မှာ ဘရော်နီကာ အနိုင်ရခဲ့သလိုမျိုး၊ မေလ ၂၁ ရက်က ထိုင်းနိုင်ငံသူ Aomsin နဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာတို့ ထိုးသတ်တဲ့ပွဲမှာ ပထမအချီ ပွဲချိန်နှစ်မိနစ်မပြည့်ခင် ဘရော်နီကာက အလဲထိုးနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ပွဲမျိုးထက်ကြည့်ကောင်းပြီး အပြန်အလှန်ထိုးချက်တွေနဲ့ လက်ရည်ညီခဲ့တာပါ။
ကယန်းပျိုဖြူ လက်စွမ်းထက်သူဖြစ်လို့ ထိုင်းကမွေးစားလိုက်ပြီ ဘယ်လိုပြောပြော မြန်မာဆိုတဲ့ခေါင်းစဥ်အောက်မှာ ဘရော်နီကာ ယှဥ်ပြိုင်နေသရွေ့တော့ ထိုင်းဘုရင့်ဖလားလက်ဝှေ့ပြိုင်ပွဲချန်ပီယံ ဘရော်နီကာဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ ဂုဏ်ယူစရာအဖြစ်ရှိနေဦးမှာပါပဲလို့……။