၁၉. ၆. ၂၀၂၃
Written by Ye Kyaw
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် မွေးမြူရေးဇုန် တည်ထောင်မည်ဖြစ်ပြီး စီးပွားဖြစ် မွေးမြူထုတ်လုပ်ခြင်းအထိ မျှော်မှန်းကာ စနစ်တကျစီစဥ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အဆိုပါမွေးမြူရေးဇုန်ကို မိတ္ထီလာမြို့နယ်ရှိ ကံလှရွာအနီးတွင် တည်ထောင်မည်ဖြစ်သည်။
“မွေးမြူရေးဇုန်အတွက် ရေရရှိရေး၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးနိုင်မှုနဲ့ ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေး လိုအပ်တဲ့ စီမံဆောင်ရွက်မှုတွေ၊ တစ်အုပ်တစ်မ မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူထုတ်လုပ်ခြင်းအထိ မျှော်မှန်းပြီး စနစ်တကျဖြစ်စေရေးအတွက် စီစဥ်ဆောင်ရွက်နေတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ပွားများဖြန့်ဖြူးခြင်းလုပ်ငန်းနှင့်အတူ အစာကျွေးမွေးမှုစနစ်၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနည်းပညာ အသိပညာပေးလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ရန်နှင့် ဘိုဝါဆိတ်ခြံ၊ ထိန်စမ်းဆိတ်ခြံနှင့် သိုးခြံများ ရေရရှိရေးအတွက် တည်ဆောက်ပြီး ရေကန်များ၊ ထပ်မံတည်ဆောက်မည့် ကန်အမှတ်(၃) မြေနေရာနှင့် ဆိုလာစနစ်ဖြင့် နေဗီယာမြက်စိုက်ပျိုးထားရှိမှုတိုကို ဆောင်ရွက်နေမှုများကို ဒုတိယဝန်ကြီးက ဇွန် ၁၆ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။