MT News
Written by Ye Kyaw
စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကို Recycle ပစ္စည်းအဖြစ် ပြုပြင်ထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် စွန့်ပစ်ခြင်းပြုသည့် လုပ်ငန်းလိုင်စင်နှင့် စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလိုင်စင် လျှောက်ထားပြီးမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများအတွက် အသိပညာပေး ဆွေးနွေးပွဲမှ သိရသည်။
အဆိုပါလုပ်ငန်းလိုင်စင်နှစ်ခုအား လက်ရှိတွင် လျှပ်စစ်ပစ္စည်းမှ စွန့်ပစ်ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်း၊ အိမ်သုံးစွန့်ပစ်ပစ္စည်း စသည်တို့ကို Recycle အဖြစ် လုပ်ကိုင်သူများအနေဖြင့် လျှောက်ထားရန် မလိုအပ်သေးကြောင်း သိရသည်။
“အဓိကက Industrial Waste (စက်မှုလုပ်ငန်းနဲ့ဆိုင်သော စွန့်ပစ်ပစ္စည်း)လို့ပြောရမယ်။ စက်ရုံကထွက်တဲ့ပစ္စည်းပေါ့။ ဓာတုပစ္စည်းလည်းသုံးထားတယ်ပေါ့။ ဒီစွန့်ပစ်ပစ္စည်းတွေကို ပြုပြင်သန့်စင်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ လူတွေပေါ့။ အဲဒါတွေက စွန့်ပစ်ခြင်းပြုသည့် လုပ်ငန်းလိုင်စင်ရယ်၊ စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းလိုင်စင် အဲဒီနှစ်ခုကို ပြုလုပ်ထားပြီးမှ လုပ်ကိုင်ခွင့်ရှိမှာပါ။ နောက်ပိုင်းမှာပေါ့နော်။ အခုလောလောဆယ်က ဒါကိုအစပျိုးနေပြီ။ အဲဒီအတွက် လိုင်စင်ကြေးဘယ်လောက်လုပ်ရမယ်တို့ ဘာတို့ကို သဘောထားမှတ်ချက်တွေတောင်းရပါတယ်။ သက်ဆိုင်ရာဌာနတွေကနေ တောင်းထားတာတွေစုံပြီဆိုရင် စလုပ်နိုင်ပါပြီ။ ဒါကြောင့် သူတို့ကို ပြင်ဆင်ထားပါလို့ ပြောတာပါ” ဟု စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ပပစိုးက ပြောသည်။
အဆိုပါစက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကို သယ်ယူခွင့်လိုင်စင်လျှောက်ထားရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးမှုခံယူထားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)မှ ခွင့်ပြုထားသည့် မော်တော်ယာဥ်များဖြင့်သာ သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“စွန့်ပစ်ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာကို သယ်မယ်။ ဒါမှမဟုတ် သူ့စက်ရုံရှိတဲ့နေရာကို သယ်လာမယ်ဆိုရင် စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း လိုင်စင် လုပ်ကိုင်ရပါမယ်။ အဲဒီသယ်ယူပို့ဆောင်ခြင်း လိုင်စင်ရှိမှ ဒီပစ္စည်းကို သယ်ခွင့်ရှိမယ်။ အဲဒါတွေကျတော့ မော်တော်ယာဥ်ပိုင်းဆိုင်ရာဖြစ်တဲ့အတွက် ကညနနဲ့လည်းဆိုင်တယ်။ ကညနက ခွင့်ပြုထားတဲ့ ကားတွေဘာတွေလည်းဖြစ်ရမယ်။ အလုံပိတ်ကွန်တိန်နာတွေဘာတွေဖြစ်ရမယ်” ဟု ဒေါက်တာခင်ပပစိုးက ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါလုပ်ငန်းလိုင်စင်နှစ်ခုနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်ထားပြီး နိုင်ငံတကာမှ ထုတ်ပြန်ထားသည့် အချက်အလက်နှင့် နည်းစနစ်များကို လေ့လာ၍ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် စည်းကမ်းသတ်မှတ်ချက်များ ရရှိရေးကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။