၁၇. ၆. ၂၀၂၃
Written by Nay Moe
လူအင်အား ၁၃၀ ကျော်ဖြင့်လာသော စစ်ယာဥ်တန်းကို ကလေး PDF က ကြားဖြတ်တိုက်ကာ ဖောကားနှစ်စီး မီးရှို့ပြီး လက်နက်များသိမ်းယူခဲ့ဟု NUG ၏ MOD စစ်ရုံးချုပ်က ယခု ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်မှာ ဇွန် ၁၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်မှာ ၉ နာရီခွဲအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စခန်းကြီးရွာအနီးတွင် ကလေးဝမြို့မှ တစ်ဆင့် မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်း လူ၊ လက်နက်၊ ရိက္ခာပို့ရန် ဖောကား( ၃)စီးအပါအဝင် ခမရ -၃၆၂(ကျီကုန်းအခြေစိုက်)၊ ရဲနှင့် ပြည်သူ့စစ်အင်အား (၁၃၀) ခန့်ဖြင့် လာသော စစ်ကြောင်းကို PDF၊ ကလေးခရိုင် အမှတ်(၉) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း Faw ကား(၂)စီး မီးရှို့ဖျက်ဆီးခဲ့ပြီး MA-(11) (၂)လက်၊ G-3 (၂)လက်၊ MA-11 ကျည်ဘောက် (၃)ခု၊ G-3 ကျည်ဘောက် (၆)ခု၊ MG (3) ငါးကြင်းမြှီး (၁)လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း (၁)လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅) လုံး၊ .38 Webly Wesson (၆)လုံးပြူး (၁)လက်၊ Jammer (၁) လုံး၊ M-14 နင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ပွဲအတွင်း ရန်သူ့ထိခိုက်ကျဆုံးကို စိစစ်ဆဲဖြစ်ပြီး ကလေး PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း NUG စစ်ရုံးချုပ်က ပြောသည်။