◾️ အာဆီယံနိုင်ငံများအတွင်း မြန်မာအစိုးရနှင့် တွေဆုံဆွေးနွေးရန် သဘောထားကွဲမှုများရှိနေ
၁၇. ၆. ၂၀၂၃
Translated by Htwe Ko Tun
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယံ ဘာလာကရစ်ရှ်နန် က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အနေဖြင့် မြန်မာအစိုးရနှင့် အဆင့်မြင့်ဆွေးနွေးမှုများပြုရန် အချိန်အခါကောင်းမဟုတ်သေးဟု ဇွန်လ ၁၆ ရက်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ကြားဖြတ်အစိုးရက မြန်မာနိုင်ငံအစိုးရနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရေးအတွက် ဖိတ်ခေါ်ကြိုးပမ်းနေချိန်တွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဤကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “မြန်မာအစိုးရနဲ့ ထိပ်သီးဆွေးနွေးမှုတစ်ရပ် ဒါမှမဟုတ် နိုင်ငံခြားရေး ဝန်ကြီးအဆင့်ပဲဖြစ်ဖြစ် ဆွေးနွေးပွဲကို အာဆီယံအနေနဲ့ ပြန်လုပ်ဖို့ဆိုတာ အချိန်စောလွန်းသေးတယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ပြောခဲ့သည်။
အမေရိကန်နိင်ငံသို့ ဇွန်လ ၁၄ ရက်က စတင်ခဲ့သော ခရီးစဉ်အတွင်း ဗီဗီယန်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဇွန်လ ၁၆ ရက်က ပူးတွဲသတင်းစာရှင်းပွဲပြုလုပ်ခဲ့ရာတွင် ဗီဗီယန်က အာဆီယံခေါင်းဆောင်များက မကြာမီကပင် ၎င်းတို့၏ ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သတင်းထောက်များသို့ ပြောခဲ့သည်။
ဗီဗီယန် က မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူထားမှုကို ရှုတ်ချကြောင်း၊ အရပ်သားများအပေါ် အကြမ်းဖက်မှုကိုလည်းရှုတ်ချကြောင်း၊ နိုင်ငံအတွင်း အမျိုးသားသွေးစည်းညီညွတ်ရေးပျက်ပြားကာ စီးပွားရေးအပေါ် သက်ရောက်မှုများရှိနေကြောင်း နှစ်နှစ်ကျော်ကာလအတွင်း တိုးတက်ပြုပြင်ပြောင်းလဲမှုများ မတွေ့ရသေးကြောင်းလည်း ပြောခဲ့သည်။ သို့သော် အကြမ်းဖက်မှုများအား မည်သူကကျူးလွန်နေသည်ကို ၎င်းက တိတိကျကျပြောကြားခဲ့ခြင်းမရှိပေ။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် The Irrawaddy သတင်းဌာနကမူ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်တွင် မြန်မာအစိုးရနှင့်အတူ အခြား အာဆီယံနိုင်ငံများ တရားမဝင်တွေ့ဆုံဆွေးနွေးကြရန် အဆိုပြုဖိတ်ကြားထားကြောင်း ဖော်ပြခဲ့သည်။ ဗီဗီယန်က မြန်မာအစိုးရနှင့်တွေ့ဆုံရန်ကို လုံးဝငြင်းပယ်ခြင်းကား မပြုခဲ့ပေ။ ၎င်းက အရေးအကြီးဆုံးအချက်မှာ အားလုံးတွေ့ဆုံညှိနှိုင်းပြီး ပြဿနာကို ဖြေရှင်းကြရန်ဖြစ်ကြောင်းကိုမူ ပြောခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မြန်မာစစ်အစိုးရအပေါ် သင့်တော်သော ဖိအားပေးမှုများဆက်လက်ပြုလုပ်နိုင်ရန်က အားလုံးအတွက် အရေးကြီးကြောင်း၊ အတိုက်အခံများကိုပါ တွေ့ဆုံဆွေးနွေးနိုင်ရေးလမ်းကြောင်းများ ရှာဖွေသွားရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
Ref—-AFP