၁၆. ၆. ၂၀၂၃
Written by Peya
“လိုင်းပေါ်မှာပဲ မထိုးနဲ့ အဆင်ပြေရင် မင်းနဲ့ ငါ ထပ်ထိုးချင်သေးတယ်” လို့ ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း က မြန်မာ့ရိုးရာ လက်ဝှေ့အလွတ်တန်း ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေဝကို စိန်ခေါ်လိုက်ပါတယ်။
ထွန်းထွန်းမင်းဟာ ဒေဝခေါ် ဒေ့ဗ်နဲ့ သုံးကြိမ် ထိုးသ-တ်ခဲ့ဖူးပြီး နိုင်ပွဲမရခဲ့တဲ့အပေါ် ဒေဝက သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်မှာ မကြာခဏ ခနဲ့လေ့ရှိသူပါ။ ပြီးခဲ့တဲ့ ကမ္ဘောဒီးယားဆီးဂိမ်းစ်တုန်းကလည်း ဒေဝက သူနဲ့ ထိုးဖို့ရှိနေတဲ့ Prom Samnang က ထွန်းထွန်းမင်းကို အငြင်းပွားဖွယ် အမှတ်နဲ့ အနိုင်ရသွားတဲ့အပေါ် Prom Samnang က နောက်ဆုံးအဆင့် ဆရာကြီးနဲ့ တွေ့ဖို့ အသင့်ပြင်ပါလို့ သူ့ကိုယ်သူ ဆရာအဖြစ် သုံးနှုန်းရေးခဲ့ဖူးသေးတာပါ။
အခုလည်း ဒေဝက ရိုးရာလက်ဝှေ့မှာ ဒေ့ဗ်ကို နိုင်မယ့်သူပေါ်လာဖို့ မဖြစ်နိုင်သေးပါဘူးလို့ ဆရာအေးချိုဦးက ပြောတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပို့စ် တင်လာတဲ့အပေါ် ထွန်းထွန်းမင်းက Share ပြီး “လိုင်းပေါ်မှာပဲ မထိုးနဲ့။ အဆင်ပြေရင်မင်းနဲ့ ငါ ထပ်ထိုးချင်သေးတယ်။ ကြိုက်တဲ့နိုင်ငံမှာ ပွဲတည်လို့ရတယ်” လို့ ရေးထားတာပါ။
ထွန်းထွန်းမင်းက လိုင်းပေါ်က စိန်ခေါ်တိုင်း ငြိမ်ခံတဲ့ အထဲမှာ သူမပါတဲ့အကြောင်းနဲ့ ပြိုင်ဘက်အပေါ် လေးစားပါလို့လည်း ရေးထားခဲ့တာဖြစ်ပြီး ဒီလိုရေးတဲ့အပေါ် တချို့က အားပေးသလို တချို့ကလည်း သက်လုံတို့ ကြံ့ခိုင်မှုတို့က အရင်နဲ့မတူတော့ကြောင်း မှတ်ချက်ပေးရေးနေတာလည်း တွေ့မြင်ရပါတယ်။