MT News
Written By Thandar
မိုခါမုန်တိုင်းဘေးသင့် ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ သရုပ်ဆောင်ဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်တို့ ပါဝင်ကပြခဲ့တဲ့ “ပြန်လည်နိုးထကြပါစို့” အမည်ရှိအဖွဲ့က အလှူငွေကျပ်သိန်း သုံးဆယ် ပါဝင်လှူဒါန်းခဲ့ပါတယ်။
“ပြန်လည်နိုးထကြပါစို့” အဖွဲ့မှာ ပါဝင်ကပြဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင် နေတိုးနဲ့ ကျော်ကျော်ဗိုလ်တို့က ဇွန် ၁၅ ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အလှူငွေတွေကို လာရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
“မိုခါလေမုန်တိုင်းဒဏ်ကိုခံစားရတဲ့ ပြည်သူတွေအတွက် ရန်ပုံငွေ ပဒေသာကပွဲကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာဆိုရင် ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးက အနုပညာရှင်တွေ ပါဝင်ကူညီပေးခဲ့ကြတယ်။ ဒီကပွဲမှာပါဝင်ခဲ့တဲ့ “ပြန်လည်နိုးထကြပါစို့” ကပြတဲ့အဖွဲ့ကလည်း ဒီနေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို လာရောက် လှူဒါန်းခဲ့ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့်ဒေသ ပြည်သူတွေအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးမှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ “ပြန်လည်နိုးထကြပါစို့” တေးပြဇာတ် အစီအစဉ်မှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ကျော်ကျော်ဗို ၊ အဆိုတော် သရုပ်ဆောင် ရဲလေး၊ အဆိုတော် အေးမြဖြူ ၊ သရုပ်ဆောင် အောင်ရေချမ်းတို့ ပါဝင် ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။