၁၆. ၆. ၂၀၂၃
Written By Thandar
မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအနေနဲ့ ရုပ်ရှင်၊ ဂီတ အနုပညာရှင်တွေနဲ့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းတွေ ပူးပေါင်းပြီး “မိုခါရန်ပုံငွေ ဘောလုံးပွဲနဲ့ တေးဂီတဖျော်ဖြေပွဲ”ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက်(Live) ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
ဒီပွဲကို ဒီနေ့ ဇွန်လ ၁၆ ရက် မွန်းလွဲ ၃ နာရီမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းမှာ ရုပ်ရှင်ဘောလုံးအသင်း Movie FC နဲ့ Forever FC ဘောလုံး အသင်းတို့က တစ်ဖွဲ့၊ ဂီတဘောလုံးအသင်း Music FC နဲ့ ညွန့်ပေါင်းဘောလုံးအသင်း Old Star FC တို့ကတစ်ဖွဲ့ ပရိသတ်မပါဘဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီက စတင်ပြီး နိုင်ငံကျော် အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။ မွန်းလွဲ ၃ နာရီမှာ တတိယနေရာလုပွဲ နဲ့ ဗိုလ်လုပွဲတို့ကို ဆက်လက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အားလပ်ချိန်တွေမှာ နာမည်ကြီး အနုပညာရှင်တွေက တေးသီချင်းတွေ သီဆို ဖျော်ဖြေကြမှာဖြစ်ပါတယ်။
မိုခါရန်ပုံငွေ ဘောလုံးပွဲနဲ့ တေးဂီတပွဲ ဖျော်ဖြေပွဲကို ဇွန် ၁၆ ရက် မွန်းလွဲ ၃ နာရီကစပြီး ပထမပွဲစဉ်နဲ့ ဒုတိယပွဲစဉ်တွေကို MRTV Parliament Channel၊ MRTV Farmers’ Channel၊ MRTV Sports Channel ၊ Readers’ Channel နဲ့ Skynet Sports Channel တို့က ကြည့်ရှုအားပေးရမှာ ဖြစ်ပါတယ်။ ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီမှာ အဆိုပါ Channel ငါးခုက တိုက်ရိုက်(Live) ပြသသွားမှာဖြစ်ပါတယ်။