MT News
Written by Thettant
ကော့ကရိတ်မြို့အတွင်းသို့ KKO နှင့် PDF အဖွဲ့များ ပစ်ခတ်ရာမှ လက်နက်ကြီးကျည်ကျ၍ ဆရာတော် ၁ ပါး ထိခိုက်ဒဏ်ရာရမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ယမန်နေ့ ညနေက KKO (ခွဲထွက်)အဖွဲ့နှင့် PDF များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇) တပ်ရင်းသို့ ပစ်ခတ်သဖြင့် နယ်မြေခံတပ်ရင်းဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ PDF ပူးပေါင်းအဖွဲ့များ မြို့ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီးများသည် ရပ်ကွက်အတွင်းရှိ ဇောတိကရာမ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့် ပင်မကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆောင်ပေါ်တွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကောဝိဒတွင် လက်နက်ကြီး ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေကြောင်း သိရသည်။