MT News
Written by Min Mahar
အမျိုးသားတစ်ဦးအား မော်တော်ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားမှု လဲချားမြို့တွင် ဇွန်လ ၁၅ ရက် မနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက် မနက် ၉ နာရီကျော်ခန့်က ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၊ မြို့လယ်ခေါင်ဈေးအရှေ့ဘက်ရှိ ကားလမ်းမအားဖြတ်ကူးသည့် လူလတ်ပိုင်းအမည်မသိ အမျိုးသားတစ်ဦးအား မော်တော်ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် ၎င်းအမျိုးသား၏ ဘယ်ဘက်နံရိုးတွင် ကျည်ထိမှန်ပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် လဲချားမြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် ပစ်ခတ်သူများမပစ်ခတ်မီ သေဆုံးသူအား ကားပေါ်သို့တက်ရန် ခေါ်ဆောင်ခဲ့ကြောင်းနှင့် ခေါ်ဆောင်ရာမလိုက်ပါ၍ ပစ်ခတ်ကြောင်းလည်း ဒေသတွင်း သတင်းများက ဖော်ပြသည်။
အဆိုပါအခင်းဖြစ်သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၎င်းသေဆုံးသွားသောအမျိုးသား၏ ကျောပိုးအိတ်ထဲတွင် လောက်လေးဂွနှင့် ရေသန့်ဗူးတစ်ဗူးသာတွေ့ရှိခဲ့ပြီး ပစ်ခတ်သွားသည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းနှင့် လက်ရှိအချိန်အထိ ၎င်းအသတ်ခံရသူသည် ပိုင်ရှင်မဲ့အလောင်းဖြစ်နေသေးကြောင်းလည်း သိရသည်။