MT News
Written By Thandar
ပရိသတ်အားပေးမှု ရရှိထားတဲ့ မင်းသားကြီး နေဆန်းရဲ့ အသက် ၅၄ နှစ်ပြည့် မွေးနေ့အဖြစ် ဇွန်လ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အတွင်းရှိ ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့သလိုနေရာအသီးသီးကို လှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်။
“ကျွန်တော့်မွေးနေ့ အမှတ်တရအနေနဲ့ ဒီကနေ့ အလှူလေးတွေ နေရာစုံအောင်တော့ လှူဒါန်းဖြစ်ပါတယ်။ အသက်ကတော့ ၅၄ နှစ်ပြည့်သွားပါပြီ။ ကိုယ်အသက်ရှင်တုန်းမှာ တတ်နိုင်တဲ့ဘက်က လှူဒါန်းမှူလေးတွေလုပ်ဖြစ်တယ်။ လိုအပ်တာတွေကို ဇနီးသည်ကပဲ ပါရမီဖြည့်ပေးပါတယ်။ မွေးနေ့မှာ လှူဒါန်းရလို့လည်း ပီတိဖြစ်ရပါတယ်”လို့ သရုပ်ဆောင်နေဆန်းက ပြောပါတယ်။
မွေးနေ့ကုသိုလ်အဖြစ် သင်္ဃန်ကျွန်းက ရတနာပုံရိပ်ငြိမ်ဘုန်းတော်ကြီးသင်စာသင်တိုက်က သံဃာတော်တွေနဲ့ ကိုရင် စာသင်သား အပါး ၁၂၀ ကို ဆွမ်း ၊ ဗမာကြက် ၊ ချစ်တီးအစုံ နဲ့ ရေခဲမုန့် အလှူဒါန ၊ တောင်ဥက္ကလာပမြို့နယ်ရှိ စည်ပင်ဝင်းမှာ ကြက်ကြော်၊ ချဥ်ပေါင်ကြော်၊ မြေပဲဆံနဲ့ ထမင်းဘူး ၁၀၀ လှူဒါန်းခဲ့ပါတယ်။
“မွေးနေ့မွေးရက်ကုသိုလ်ဆက်ပြီး မွေးနေ့ပေါင်းများစွာကို ကျန်းမာပျော်ရွှင်စွာ ချစ်တဲ့မိသားစုနဲ့ အတူဖြတ်သန်းနိုင်ပါစေယောကျာ်းရေ။ ဘုန်းကြီးလို့သက်ရှည် ကောင်းကျိုးလိုရာဟူသမျှပြည့်ပါစေ။ ဒီမွေးနေ့ ကုသိုလ်ပြု အလှူအတန်းတွေနဲ့ ပတ်သက်ပြီး လှူဒါန်းမှုအစုစုအတွက် နတ် လူ သာဓုခေါ်နိုင်ပါစေ ”လို့ ဇနီးဖြစ်သူက ဆုတောင်းပါတယ်။
ဒါ့အပြင် မြင်သာဝိပသနာကျောင်းတိုက်ဆရာတော်ကို အလှူဝတ္ထုငွေ ကျပ် ၁ သိန်း ၊ ဗောဓိဝိဇ္ဇာကျောင်း ဆရာတော်ကို အလှူဝတ္ထုငွေ ကျပ် ၁ သိန်း၊ နံနက်တန်းဆွမ်း ကုသိုလ်၊ အဝတ်အထည်လှူဒါန်းခြင်းကုသိုလ်နဲ့ လမ်းဘေးတိရစ္ဆာန်လေးတွေအတွက် အာဟာရလှူဒါန်းခြင်းကုသိုလ် ပြုလုပ်ခဲ့ပါတယ်။
နေဆန်းဟာ လက်ရှိထုတ်လွှင့်နေတဲ့ ပင်လယ်ပြာပြာ မိုးပြာပြာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး နယူးချစ်တီး ထမင်းဆိုင်ကို ဖွင့်လှစ်ထားကာ မကြာခဏဆိုသလို အလှူအတန်းတွေ ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။