MT News
Written by Ye Kyaw
ဆန်/ဆန်ကွဲကို ပြည်ပတင်ပို့ခြင်းဖြင့် ပို့ကုန်ရငွေများ ရရှိစေရန်နှင့် ပြည်တွင်း၌လည်း အရည်သွေးမီသော ဆန်များရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
“ဆန်တင်ပို့ရာမှာ မိမိတို့ရဲ့ ကုန်သွယ်ဖက် ပြည်ပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လိုက်နာရန်အချက်များကို သိရှိစေဖို့ ၊ သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ ဆန်/ဆန်ကွဲတွေကို ပြည်ပသို့တင်ပို့ခြင်းဖြင့် ပို့ကုန်ဝင်ငွေရမှီဖို့လိုသလို ပြည်တွင်းမှာလည်း Food Safety အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ထို့ပြင် လုပ်ငန်းရှင်များနှင့် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၌ တာဝန်ယူမည့်သူများအနေဖြင့် စနစ်တကျ ဆန်သိုလှောင်ထားရှိရန်နှင့် ပြည်ပသို့ တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြန်လည်မျှဝေပေးစေလိုကြောင်း ဦးရဲမင်းအောင်က ပြောသည်။
ပို့ကုန်ကဏ္ဍတွင် ဆန်စပါးကဏ္ဍသည် အရေးပါသည့်အတွက် တရုတ်ပြည်သူသမ္မတနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာ၌ လိုက်နာဆောင်ရွက်ရမည့် Sanitary and Phytosanitary – SPS Protocol ဆိုင်ရာ လုပ်ငန်းစဉ်များဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများအတွက် ဦးဆောင်သော အဖွဲ့အစည်းများ ၊ မြန်မာနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးစခန်း (၁၆)ခု ၊ သီးနှံပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစု၏ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ရမည့် သိုလှောင်ရုံတွင် ကုန်ပစ္စည်း သိုလှောင်ထားရှိမှု စိစစ်ခြင်းနှင့် Pre-shipment inspection (PSI) Certificate လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။