၁၅. ၆. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံအနေဖြင့် ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းထားသော BRICS အဖွဲ့၏ BRICS Development Bank ကို ပူးပေါင်းပါဝင်ရန် စဉ်းစားလျက်ရှိနေကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်အကြီးအကဲသည် ရုရှားနိုင်ငံ စိန့်ပီတာဘရက်မြို့တွင် ကျင်းပနေသော St. Petersburg (SPIEF) စီးပွားရေး ဖိုရမ်နားချိန်တွင် ရုရှားသတင်းဌာနနှင့် အင်တာဗျူးရာတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်သန်းသန်းဆွေက “ကျွန်မတို့ဟာ BRICS Development Bank အဖွဲ့အစည်းမှာ ပူးပေါင်းပါဝင်ဖို့ စဉ်းစားနေတယ်။ အဲဒီဘဏ်အဖွဲ့နဲ့ ပူးပေါင်းနိုင်ဖို့ ဖြစ်နိုင်ချေတွေကို စဉ်းစားနေတယ်။ အလွန်စိတ်လှုပ်ရှားစရာကောင်းစေပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကို လျှော့ချပြီး ကုန်သွယ်မှုတွေမှာ ပြည်တွင်းငွေကြေးကို အဓိကထားအသုံးပြုဖို့ ရုရှားနိုင်ငံနဲ့ BRICS အဖွဲ့ရဲ့ အစပြုမှုတွေကို ထောက်ခံပါတယ်”ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ရုရှားနှင့် မြန်မာနိုင်ငံကြား နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုများက နှစ်နိုင်ငံကြားကုန်သွယ်မှုများ၊ ကူညီထောက်ပံ့ပေးမှုများ တိုးတက်လာစေရန် တိုက်ရိုက်သက်ရောက်မှုများရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်အကြီးအကဲက ပြောသည်။
၎င်းက ” ရုရှား ဗဟိုဘဏ်နဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကြား မိတ်ဖက်အဖြစ် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်။ နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့တယ်။ နားလည်မှုစာချွန်လွှာအရ ကျွန်မတို့ နှစ်နိုင်ငံစလုံးဟာ ငွေပေးချေမှုတွေကို ပေါင်းစပ်သင့်တယ်။မြန်မာနိုင်ငံ ဗဟိုဘဏ်အပြင် Myanmar Payments Union ဟာလည်း ရုရှားနဲ့ ငွေကြေးပေးချေမှုစနစ်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ လက်ရှိအချိန်မှာ ငွေကြေးပေးချေမှုစနစ်နဲ့ပတ်သက်ပြီး နည်းပညာပိုင်း ဆွေးနွေးဖို့လိုအပ်နေတယ်။ နည်းပညာပိုင်းဆွေးနွေးမှုတွေ ပြီးဆုံးချိန်မှာ မြန်မာနိုင်ငံမှာ ရုရှားရဲ့ Mir Card ကို အသုံးပြုမှုစတင်နိုင်မှာဖြစ်သလို ရုရှားနိုင်ငံမှာလည်း ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ငွေကြေးပေးမှုကတ်ကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှာပါ။ အဲဒီငွေပေးချေမှု ကတ်တွေ အသုံးပြုမှုကို လာမယ့် ဒီဇင်ဘာလအတွင်း စတင်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ ဒီကြားထဲတော့အချိန်တော့ယူရမယ်” ဟုပြောသည်။
ငွေပေးချေမှုစနစ်ကို အပြည့်အဝအကောင်ထည်ဖော်နိုင်မည်ဆိုလျှင် ရုရှားနှင့် မြန်မာနိုင်ငံကြား ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်အကြီးအကဲ ဒေါ်သန်းသန်းဆွေက ပြောဆိုခဲ့ကြောင်း ရုရှားအခြေစိုက်သတင်းဌာနဖြစ်သော Sputnik နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
Ref——-sputniknews