◾ အစိုးရဆန့်ကျင်ရေးအုပ်စုများကြောင့် သေဆုံးရသူ အရပ်သားအရေအတွက် ကြီးမားစွာ ပါဝင်နေပြီး ရွေးကောက်ပွဲကျင်းပရေးပါ အန္တရာယ်ရှိနေ
၁၅. ၆. ၂၀၂၃
Translated by Htwe Ko Tun
မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က မြန်မာစစ်တပ် အာဏာထိန်းသိမ်းမှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း လနှစ်ဆယ်အတွင်း အနည်းဆုံး အရပ်သား ၆,၀၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ သ-တ်ဖြတ်ခံရသူ အများဆုံးပါဝင်နေတယ်လို့ နော်ဝေနိုင်ငံ၊ အော့စလိုမြို့အခြေစိုက် (Peace Research Institute Oslo-PRIO) က ဇွန်လ ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ လေ့လာချက်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
PRIO ရဲ့ သုတေသနပါမောက္ခနဲ့ အစီရင်ခံစာ တွဲဖက်ရေးသားသူ စတိန်း သောင်နက်ဆန်က “ကျွန်တော်တို့ဖော်ပြတဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခအတွင်း သေဆုံးရသူ အရေအတွက်က အရင်ဖော်ပြခဲ့တာထက်ပိုပြီး များပါတယ်။ ဒီမှာ အများအပြားက အုပ်ချုပ်သူတပ်မတော် အစိုးရကြောင့်လို့ ဆိုကြပေမယ့် အစိုးရဆန့်ကျင်ရေးအုပ်စုတွေကြောင့် သေဆုံးရသူ အရပ်သားအရေအတွက်ဟာလည်း ကြီးမားစွာပါဝင်နေတာ ကျွန်တော်တို့တွေ့ရှိရတယ်” လို့ ပြောကြားခဲ့ပါတယ်။
‘Counting Myanmar’s Dead- Reported Civilian Casualities since the 2021 Military Coup’ လို့ အမည်ပေးထားတဲ့ အဲဒီ ထိုအစီရင်ခံစာက ရန်ကုန်မြို့အခြေစိုက် Myanmar Institute for Peace and Security အဖွဲ့ရဲ့ မြို့နယ်အခြေစိုက် ပဋိပက္ခကြီးကြပ်ရေးစနစ်(Township-based Conflict Monitoring System) ကို အသုံးပြုပြီး အခြားသတင်းအချက်အလက်စုဆောင်းမှု နှစ်ခုကိုလည်း အဓိက အသုံးပြုထားပါတယ်။
အစီရင်ခံစာရဲ့ အဆိုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အရပ်သားတွေ သေဆုံးရမှုမှာ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့တွေက အနည်းဆုံး အရပ်သား ၂,၀၀၀ ကျော်ကို သ-တ်ဖြတ်ခဲ့ပြီး အတိအကျခွဲခြားမရတဲ့ သ-တ်ဖြတ်သူတွေကြောင့်လည်း အနည်းဆုံး အရပ်သား ၁,၀၀၀ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အထက်ဆီကို အစီရင်ခံသတင်းမရောက်တဲ့ သတ်ဖြတ်ခံရသူ အရပ်သားတွေလည်း အများအပြားရှိနေနိုင်တာကြောင့် စုစုပေါင်းသေဆုံးသူအရေအတွက်က လက်တွေ့မှာ ပိုမိုမြင့်မားနိုင်ပါတယ်။
ဒါ့အပြင် အစီရင်ခံလေ့လာချက်အရ လနှစ်ဆယ်ကာလအတွင်း နိုင်ငံရေးအရ လှုံ့ဆော်သ-တ်ဖြတ်မှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဆက်စပ်ပါဝင်ခြင်းမရှိဘဲ အသ-တ်ခံရသူတွေလည်း ရှိနေတာကြောင့် ဒါတွေက အရပ်သားအကြမ်းဖက်ခံရမှုမှာ အဓိကအချက်ဖြစ်နေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေက ရန်ကုန်နဲ့ မန္တလေး အပါအဝင် အထူးသဖြင့် ဗမာ တိုင်းရင်းသားလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ဒေသတွေမှာ ဖြစ်ပွားနေတာလို့ တွေ့ရှိချက်က ဆိုပါတယ်။
လေ့လာချက်အရ အရပ်သားအကြမ်းဖက်သ-တ်ဖြတ်ခံရမှုရဲ့ အနည်းဆုံး ၆၇ ရာခိုင်နှုန်းက နိုင်ငံရေးအရ လှုံ့ဆော်သ-တ်ဖြတ်ခံရတာတွေဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရန်ကုန်တိုင်းက အမြင့်မားဆုံးပါ။ တပ်က အာဏာထိန်းသိမ်းမှုပြုခဲ့အပြီး ပထမ ခြောက်လအတွင်းမှာ ဖိနှိပ်ချုပ်ချယ်မှုကြောင့် သ-တ်ဖြတ်ခံရတာတွေရှိခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေးအရ လှုံ့ဆော်သ-တ်ဖြတ်မှုကို အများဆုံးတွေ့ခဲ့ရတာပါ။
တပ်မတော်အစိုးရက ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကာလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပေးဖို့ စီစဉ်ထားတယ်လို့ PRIO အစီရင်ခံစာမှာဖော်ပြထားပြီး NLD လို အရေးကြီးတဲ့ အတိုက်အခံပါတီတချို့ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘူးလို့လည်း ဖော်ပြထားပါတယ်။ အစိုးရကိုယ်စား ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးမဲ့ မြို့ပြဝန်ထမ်းတွေကိုလည်း ခြိမ်းခြောက်မှုအချို့ရှိနေတာကြောင့် ရွေးကောက်ပွဲကျင်းပရေးက အန္တရာယ်ရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အစီရင်ခံစာက ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေ အကြမ်းဖက်သ-တ်ဖြတ်ခံနေရမှုတွေ အပေါ် သေချာစွာစောင့်ကြည့်ဖို့အတွက် သူ့ရဲ့စနစ်ကို ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ဖို့လည်း အကြံပြုခဲ့ပြီး အရပ်သားတွေ အသက်ကိုကာကွယ်ဖို့ ပဋိပက္ခမှာပါဝင်သူအားလုံး ညှိနှိုင်းဆွေးနွေးကြဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။
Ref——prio