၁၅. ၆. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှုကိုများစွာ ရရှိထားတဲ့ မင်းသား အကယ်ဒမီ ခန့်စည်သူဟာ ၂၀၁၉ ခုနှစ်ထဲက အနုပညာအလုပ်တွေ မလုပ်ဘဲ ရပ်နားထားရလို့ ဝင်ငွေမရှိပေမယ့်လည်း ကိုယ့်ထပ်မပြေလည်ပိုများလာလို့ ကိုယ့်ဆီက မျှဝေပေးတဲ့သဘောနဲ့ လှူဒါန်းဖြစ်တယ်လို့ MT News ကို ပြောပါတယ်။
သူဟာ ဇွန်လ ၁၄ ရက်က တောင်ကြီးမြို့ရှိ ဘုရားဖြူ မိဘမဲ့ ကလေးတွေနဲ့ မသန်စွမ်းဂေဟာကို အလှူငွေ ကျပ် ၇ သိန်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
“မွေးနေ့တုန်းက မိဘမဲ့ကလေးတွေကို လှူတာတွေ့ပြီးတော့ မိတ်ဆွေတစ်ယောက်က တောင်ကြီးရဲ့ နေရာလေး လှူပေးပြောလို့ လှူဖြစ်လိုက်တာပါ။ မိဘမဲ့ကလေးတွေနဲ့ မသန်စွမ်းများတာပေါ့။ ကလေးတွေ တွေ့ တော့ တချို့ကလေးတွေက အသိမဲ့သွားတာရှိတယ်။ တချို့က မျက်မမြင်တာတွေရှိတယ်။ ခန္ဓာကိုယ် ချိုယွင်းတဲ့ ကလေးတွေလည်းရှိတယ်။ မနေ့က ဂစ်တာတွေတီး သီချင်းတွေပါ ဆိုကြတာပေါ့။ ကလေးတွေ ပျော်ပျော်ပါးပါးဖြစ်အောင် စီစဥ်ပေးဖြစ်ပါတယ်။ ရန်ကုန်က မိတ်ဆွေတွေနဲ့ တောင်ကြီးက မိတ်ဆွေတွေ လိုက်လှူကြတာပါ”လို့ အကယ်ဒမီခန့်စည်သူက MT News ကို ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာ ရန်ကုန်မြို့က သရုပ်ဆောင် စိုးသီဟ နဲ့အတူ မိတ်ဆွေတွေနဲ့ တောင်ကြီးမြို့ရှိ မိတ်ဆွေတွေက တောင်ကြီးမြို့ ဘုရားဖြူ မိဘမဲ့နဲ့ မသန်စွမ်းဂေဟာ (သူငယ်တော်ယေဇူး) ကို အလှူငွေကျပ် ၇ သိန်းကို လှူဒါန်းခဲ့ကြပါတယ်။
“ဒီအချိန်မှာက မပြေလည်တဲ့သူ ပိုများတယ်။ မပြေလည်တဲ့သူတွေ များတဲ့ထဲကမှ မိဘမဲ့ကလေးတွေ မသန်စွမ်းကလေးတွေက ပိုပြီးလိုအပ်တာပေါ့။ အဲဒီဘက်တွေလည်း လှူဖြစ်ပါတယ်။ မိုခါမုန်တိုင်းဒဏ် ခံစားနေရတဲ့နေရာတွေ တော်တော်များများလည်း လှူဖြစ်ပါတယ်။ ဒီအချိန် အကုန်လုံးက ဝင်ငွေမရှိကြဘူးလေ။ ကိုယ်တို့လည်း မရှိပါဘူး။ ၂၀၁၉ ခုနှစ်ထဲက ဘာကားမှ မရိုက်ဘဲ ငုတ်တုတ်ထိုင်နေကြတာပဲ။ မရှိပေမယ့်လည်း ကိုယ့်ထက် မပြေလည်သူ ပိုများတော့ ကိုယ့်ဆီက မျှဝေပေးတဲ့သဘောပါပဲ”လို့ သူကဆက်ပြောပါတယ်။
သရုပ်ဆောင် ခန့်စည်သူဟာ ဇွန်လ ၁၁ ရက်က ကျရောက်ခဲ့တဲ့ မွေးနေ့မှာလည်း မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရားကြီးကို ညရုံတော်သင်္ကန်း ဆက်ကပ်တာ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပိဋိက ကျောက်စာရုံစေတီ တစ်ဆူအတွက် ကျပ် ၂၇၉ သိန်း လှုဒါန်းတာ၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအတွက် ကျပ် ၄၅ သိန်း၊ (တတိယအကြိမ်) ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့၊ ငါးတွင်းကြောင်းကျေးရွာအုပ်စုက YGW ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာကို အလှူငွေကျပ် ၃ သိန်းနဲ့ အဝတ်အထည်တွေ၊ ရှမ်းပြည်တောင်ပိုင်း ဗထူးမြို့ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကလေးများအတွက် အလှူငွေကျပ် ၃ သိန်းနဲ့ အဝတ်အထည်တွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။