၁၄. ၆. ၂၀၂၃
Written by Pan Ei
မိချောင်းတွေ ဥ ဥတာဟာ တွားသွားသတ္တဝါတွေအကြားမှာ အထူးအဆန်းဖြစ်ရပ်တော့ မဟုတ်ပေမဲ့ ကော်စတာရီကာနိုင်ငံက တိရစ္ဆာန်ရုံမှာ ၁၆ နှစ်ကြာ အထီးကျန်စွာ နေထိုင်ခဲ့တဲ့ မိကျောင်းအမတစ်ကောင်က ပထမဆုံး အဖိုမရှိဘဲ တစ်ကောင်ထဲ ကိုယ်ဝန်ရကာ ဥ ဥပြီး သန္ဓေသားမွေးဖွားခဲ့တာကြောင့် သိပ္ပံပညာရှင်တွေက”အပျိုစင်မွေးဖွားမှု” အဖြစ် မှတ်တမ်းပြုစုခဲ့တယ်လို့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။
ကော်စတာရီကာတိရစ္ဆာန်ရုံက အမေရိကန်မိကျောင်းမတစ်ကောင်ဟာ သူ့ရဲ့ အသိုက်အဝန်းအတွင်း ဥ ၁၄ လုံး ဥချထားခဲ့ပြီး သုံးလအကြာမှာ ဥတစ်လုံးက အင်္ဂါအပြည့်အစုံနဲ့ မိကျောင်းလေးတစ်ကောင် ပေါက်ဖွားလာခဲ့တာပါ။
Biology Letters ဂျာနယ်က ထုတ်ဝေခဲ့တဲ့ လေ့လာမှုအရ သိပ္ပံပညာရှင်တွေဟာ မိကျောင်းသန္ဓေသားရဲ့ မျိုးရိုးဗီဇကို စမ်းသပ်ခဲ့ပြီး မိကျောင်းသန္ဓေသားဟာ အဆိုပါ မိခင်မိကျောင်းနဲ့ ၉၉ ဒသမ ၉ ရာခိုင်နှုန်း မျိုးရိုးဗီဇတူညီနေတာကို တွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင် အဆိုပါ သန္ဓေသားမှာ အဖိုရဲ့ မျိုးရိုးဗီဇပံ့ပိုးမှုမရှိဘဲ မျိုးပွားခြင်းရဲ့ရလဒ်ဖြစ်နေတာကို ပြသတဲ့ ဒီအန်အေကိုလည်း သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ကြပါတယ်။
တိရစ္ဆာန်တွေမှာ အပျိုစင်မွေးဖွားခြင်းဖြစ်စဉ်ကို အခြားသော ငါးမျိုးစိတ်တွေ၊ ငှက်တွေ၊ ပုတ်သင်ညိုတွေနဲ့ မြွေမျိုးစိတ်တွေမှာ တွေ့ရှိခဲ့ဖူးပြီး မိကျောင်းမှာ ဖြစ်တာကို တွေ့ရှိရတာကတော့ ခုဖြစ်စဉ်က ပထမဆုံးပဲ ဖြစ်ပါတယ်။
လေ့လာမှုအရ အပျိုစင်မွေးဖွားခြင်းဟာ မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေကြားမှာ ပိုအဖြစ်များနိုင်တယ်လို့ သိရှိရပြီး အမေရိကန်မိကျောင်းတွေဟာ တောရိုင်းတွေထဲမှာ မျိုးသုဉ်းနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက အခုလို မိကျောင်းမရဲ့ အပျိုစင်မွေးဖွားခြင်း ဖြစ်စဉ်ကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း၂၅၀ ခန့်က ကမ္ဘာပေါ်မှာ ရှိနေခဲ့တဲ့ ကမ္ဘာဦးအစက မိကျောင်းဘိုးဘေးတွေအကြောင်းကိုလည်း လေ့လာဖို့ လမ်းစဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။
Ref; Reuters