၁၄. ၆. ၂၀၂၃
Written by Nyein Kyaw
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ ကွတ်ခိုင်နှင့် ကျောက်မဲ ခရိုင်များအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Class A လမ်းများပေါ်ရှိ လမ်း/တံတား လုပ်ငန်းများကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ဇွန်လ ၁၄ ရက်တွင် ကြေညာထားသည်။
အဆိုပါလုပ်ငန်းများအား စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် မိမိဝင်ရောက်လုပ်ကိုင်လိုသည့် ခရိုင်အတွင်းရှိ လမ်းဦးစီးဌာနခရိုင်ရုံးများ၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်မှ ၂၆ ရက်အထိ တင်ဒါလျှောက်လွှာများ ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။
“တင်ဒါဖောင် စရောင်းတဲ့နေ့ကျရင် စည်းမျဥ်းစည်းကမ်းတွေကို ပေးလိုက်မှာ။ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင် သုံးခုပေါ့။ ခရိုင်က မတူဘူး။ ကွတ်ခိုင်ခရိုင်ထဲမှာရှိတဲ့လမ်းက တစ်လမ်း၊ ကျောက်မဲမှာရှိတဲ့လမ်းက တစ်လမ်း၊ လမ်းတွေက ကွဲသွားမှာပေါ့။ အခုက လုပ်ငန်းက ခေါ်ဖို့ ကြေညာလိုက်တာပဲရှိသေးတယ်။ ကြီးကြပ်ရေးကနေ တောင်းပြီးတော့မှ ကြေညာပေးမှာ” ဟု ကွတ်ခိုင်ခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ယခုတင်ဒါခေါ်ယူသည့် Class A လမ်းများသည် အဝေးပြေးကားလမ်းများမဟုတ်ဘဲ အဆိုပါ လမ်းမကြီးများနှင့် အဓိကချိတ်ဆက်မည့် ဒေသဖွံ့ဖြိုးရေးလမ်းများဖြစ်ပြီး အဆိုပါလမ်းများမှတစ်ဆင့် ကျေးရွာများနှင့် ချိတ်ဆက်ကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်ရွက်မည့်လမ်းများဖြစ်ကြောင်း သိရသည်။
“အဲဒီလမ်းတွေက Class A ဆိုတော့ ကွတ်ခိုင်ကနေ မူဆယ်တက်တဲ့ ဘက်သွားတဲ့လမ်းတွေက ချိုးရတာ။ Main လမ်းတွေမဟုတ်ဘူး။ အဓိက ကားလမ်းကြီးတွေနဲ့ ချိတ်ဆက်မယ့်လမ်းတွေ” ဟု ကွတ်ခိုင်ခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
လုပ်ငန်းဆောင်ရွက်မည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်တွင် မိမိတို့၏ အဆိုပြုတင်ဒါလျှောက်လွှာများကို တင်သွင်းရမည်ဖြစ်ပြီး ဇွန်လ ၂၉ ရက် နံနက် ၉ နာရီတွင် သက်ဆိုင်ခရိုင်ရုံးများ၌ တင်ဒါဖွင့်ပွဲ ကျင်းပပေးသွာမည်ဖြစ်ကြောင်း ကြေညာထားသည်။