၁၄. ၆. ၂၀၂၃
Written by Nay Moe
စစ်ကြောင်းကား ခရီးသွားလာနေစဥ် အလစ်အငိုက်တွင် ချောင်းမြောင်းမိုင်းခွဲသည့် PDF များအနေဖြင့် မိုင်းခွဲ၍အပြန် ဆိုင်ကယ်ပေါ်တွင် ကျန်ရှိသည့်မိုင်းများ ထကွဲသဖြင့် ရွှေဘို PDF ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ရွှေဘိုခရိုင် အမှတ် (၂၂) တပ်ရင်း(PDF) က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ဇွန်လ ၁၃ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်တွင် ရွှေဘိုမြောက်ဘက် မန်ကျည်းတုံရွာမှ ထွက်လာသည့် စစ်ကြောင်းကားသည် ခင်ဦးမြို့အနောက်ကိုစတင်ထွက်လာပြီး သံလမ်းကူး၍ ကံသစ်ဘက်သို့ ဦးတည်မည်ဟုသိရသဖြင့် ခင်ဦးအထွက် ဆီပန့်ဆိုင်အနီးတွင် ရွှေဘိုခရိုင် အမှတ် (၂၂) တပ်ရင်း(PDF) မှ PDF ခုနစ်ဦးက စစ်ကြောင်းကားအား မိုင်းဆွဲ၍ပြန်အဆုတ်တွင် ကျန်မိုင်းများထကွဲရာမှ PDF ခြောက်ဦး စိုးရိမ်ရဒဏ်ရာ အပြင်းအထန်ရခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်တွင် ရွှေဘို PDF ခုနစ်ဦး မိုင်းခွဲသောယာဥ်မှာ Light Truck ယာဥ်ဖြစ်သည်ဟု သိရပြီး ထိုယာဥ်မှာ အမှန်တကယ်စစ်ကြောင်းယာဥ် ဟုတ် မဟုတ်နှင့် ရွှေဘို PDF များ မိုင်းခွဲသည့် စစ်ကြောင်းယာဥ်ထိခိုက်မှုရှိမရှိကို ရွှေဘိုခရိုင် အမှတ် (၂၂) တပ်ရင်း(PDF) က ထုတ်ပြန်မှုမရှိချေ။