၁၄. ၆. ၂၀၂၃
Written by Nay Aung
နစကအနေဖြင့် မုန်တိုင်းသင့်ရခိုင်ပြည်နယ်၌ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခွင့် ဆိုင်းငံ့လိုက်ခြင်းကို ပြန်လည်သုံးသပ်စေလိုပြီး အကူအညီများ ဖြန့်ဝေနိုင်ရန်အတွက် ခွင့်ပြုထားသော ကနဦးခွင့်ပြုချက်ကို ပြန်လည်ပြဌာန်းပေးစေလိုကြောင်း ကုလသမဂ္ဂက တိုက်တွန်းတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ အနောက်ပိုင်းကို အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်တိုက်ခဲ့ပြီး တစ်လအကြာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာအကူအညီများ သွားလာပေးခွင့်ကို ဆိုင်းငံ့လိုက်သည့်အတွက် မုန်တိုင်းသင့်ပြည်သူများထံ လူမှုကယ်ဆယ်ရေးအကူအညီ ဖြန့်ဝေပေးနေမှုများ လွန်စွာထိခိုက်လျက်ရှိနေကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းဆိုင်ရာ ညှိနှိုင်းရေးမှူး ရာမာ နသန်ဘလာခရစ်ချ်နန်က “သွားရောက်ကူညီခွင့်ပိတ်ပင်ခံရတာဟာ အမိုးအကာမရှိ၊ စားသောက်စရာမရှိသူတွေရဲ့ ဒုက္ခဆင်းရဲကို မလိုအပ်ဘဲ ပိုမိုရှည်ကြာစေပါတယ်။ ဒါဟာ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အန္တရာယ်နဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်မယ့် အန္တရာယ်ကိုပါ တိုးပွားစေတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး၊ အကူအညီတွေ ဖြန့်ဝေမှုတွေအတွက် ခွင့်ပြုထားတဲ့ ကနဦးခွင့်ပြုချက်ကို ပြန်လည်ပြဌာန်းပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေကိုယ်စား တိုက်တွန်းတောင်းဆိုပါတယ်။ ဒါမှသာ အဆင်သင့်ပြင်ဆင်ထားပြီး အကူအညီတွေကို အလွန်အမင်း လိုအပ်နေပြီး စောင့်ဆိုင်းနေရတဲ့ ပြည်သူတွေဆီကိုရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်”ဟုပြောသည်။
ထို့အပြင် ၎င်းက “ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ ဆောင်ရွက်ခဲ့တာ သီတင်း ၄ ပတ်ထဲ ဝင်လာပြီဖြစ်သလို မုတ်သုံရာသီဝင်ရောက်လာတဲ့အချိန်မှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးဖို့သွားလာခွင့် ပိတ်ပင်ခံရတာကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်” ဟုပြောသည်။
မေလ ၁၄ ရက်နေ့က မုန်တိုင်းဝင်ခဲ့ပြီးချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများက အကန့်အသတ်ဖြင့်ရရှိထားသည့် ခရီးသွားလာခွင်များဖြင့် ပိုမိုများပြားလာသည့် လူသားချင်းစာနာသော အကူအညီလိုအပ်သူများထံ အကူအညီများ ပေးပို့လျက်ရှိနေကြောင်း ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှုကူညီရေးအဖွဲ့က ပြောသည်။
ခရီးသွားလာခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်အသစ်သည် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ထိခိုက်နစ်နာစေပြီး အကူအညီပေးနေမှုများကို ဆိုင်းငံ့စေခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ဒီဆုံးဖြတ်ချက်ဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက လာမယ့် သီတင်းပတ်တွေ၊ လတွေအတွင်း လူပေါင်း တစ်သန်းကျော်အတွက် လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ ပို့ပေးနိုင်ဖို့ စီစဉ်ထားချက်တွေကို ကြီးမားသောအဟန့်အတား ဖြစ်စေပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ အကူအညီတွေကို အလိုအပ်ဆုံးအချိန်မှာမှ ကျွန်တော်တို့ဟာ အစားအစာ၊ သောက်သုံးရေနဲ့ အမိုးအကာတွေ ဖြန်ဖြူးပေးနေတာတွေကို ရပ်တန့်ခံခဲ့ရတာပါ” ဟု ရာမာ နသန်ဘလာခရစ်ချ်နန်က ပြောသည်။
Ref——-UN