၁၄. ၆. ၂၀၂၃
Written by Pan Ei
မိန်းမတွေမှားကြောင်း ပထမဆုံးသက်သေပြနိုင်ခဲ့သူလို့ စနောက်ခံနေရတဲ့ မင်းသားကြီးဂျော်နီဒပ်ဟာ ဇနီးဟောင်းအမ်ဘာဟတ်ဆီက ရရှိခဲ့တဲ့ လျော်ကြေးဒေါ်လာ ၁ သန်းကို ပရဟိတအသင်းငါးခုဆီ ခွဲဝေလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မင်းသားကြီး ဂျော်နီဒပ်ဟာ ပြီးခဲ့တဲ့နှစ်က ဇနီးဟောင်း အမ်ဘာဟတ်နဲ့ အသရေဖျက်မှု တရားရင်ဆိုင်ရာမှာ အနိုင်ရရှိပြီးနောက် အမ်ဘာဟတ်က ဂျော်နီဒပ်ကို လျော်ကြေး အမေရိကန်ဒေါ်လာ ၁ သန်းပေးဖို့ အမိန့်ချခံခဲ့ရပါတယ်။
ဂျော်နီဒပ်ဟာ အဆိုပါ လျော်ကြေးငွေကို ခုရက်ပိုင်းအတွင်း အမ်ဘာဟတ်ဆီက ရရှိခဲ့ပြီး ဒီလျော်ကြေးတွေကို Make-A-Film Foundation၊ The Painted Turtle၊ Red Feather၊ Marlon Brando’s Tetiaroa Society နဲ့ Amazonia Fund Alliance စတဲ့ ပရဟိတအဖွဲ့တွေကို လှူဒါန်းဖို့ရွေးချယ်ထားကာ အဆိုပါ ပရဟိတလုပ်ငန်းငါးခုအတွက် တစ်ခုကို ဒေါ်လာ နှစ်သိန်းစီ လှူဒါန်းဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ဗာဂျီးနီးယားတရားရုံးချုပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အမ်ဘာဟတ်ကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက ဂျော်နီဒပ်ရဲ့ ရှေ့နေတွေက ရရှိလာမယ့် လျော်ကြေးငွေကို ပရဟိတအဖွဲ့တွေဆီ လှူဒါန်းသွားမယ်ဆိုတဲ့အကြောင်းကို ကတိပြုထားခဲ့ပြီးသားလည်း ဖြစ်ပါတယ်။
သူတို့စုံတွဲဟာ ၂၀၁၅ ခုနှစ်က လက်ထပ်ခဲ့ကြပြီး တစ်နှစ်အကြာမှာတော့ ဖောက်ပြန်မှုစွပ်စွဲချက်တွေနဲ့ လမ်းခွဲခဲ့ကြကာ အချိန်အတန်ကြာ တရားရင်ဆိုင်ခဲ့ကြပါတယ်။
အခုလက်ရှိမှာတော့ နှစ်ဦးစလုံးဟာ သရုပ်ဆောင်လောကထဲ ပြန်ဝင်ဖို့ကြိုးစားနေကြပြီး ဂျော်နီဒပ်က ပြီးခဲ့တဲ့ မေလက ကျင်းပခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ “Jeanne du Barry” ဇာတ်ကားရဲ့ အကြိုပြပွဲအတွက် တက်ရောက်ခဲ့ပါတယ်။
မင်းသမီး အမ်ဘာဟတ်ကလည်း လာမယ့် ဇွန်လ ၂၄ ရက်မှာ အီတလီနိုင်ငံမှာကျင်းပမယ့် ၆၉ ကြိမ်မြောက် Taormina ရုပ်ရှင်ပွဲတော်မှာ သူမရဲ့ ရုပ်ရှင်အသစ် “In the Fire” ရဲ့ အကြိုပြပွဲအတွက် တက်ရောက်သွားမှာပဲ ဖြစ်ပါတယ်။
Ref; CNN