၁၄. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဗြိတိန်နိုင်ငံ၊ နော့တင်ဟမ်မြို့တွင် ဇွန်လ ၁၃ ရက် နံနက်က ဘာနာဘီဝက်ဘာ အမည်ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးမှာ သူငယ်ချင်းဖြစ်သူ အင်္ဂလန်ဟော်ကီလက်ရွေးစင်အသင်းများ၌ အမျိုးသမီးကစားသမားတစ်ဦးဖြစ်သည့် ဂရေ့စ်ကူးမား နှင့်အတူ နော့တင်ဟမ်မြို့၏ Likeston လမ်းတွင် ဓားဖြင့်ထိုး အသ-တ်ခံရကာသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးလုံးမှာ အသက် ၁၉ နှစ်စီရှိပြီဖြစ်ပြီး ဘာတီနာက သူငယ်ချင်းဖြစ်သူ ဂရေ့စ်ကူးမားနှင့်အတူ နံနက် ၄ နာရီခန့်တွင် အိမ်မှလမ်းလျှောက်ထွက်သွားစဉ် ငါးမိနစ်ခန့်အကြာ Likeston လမ်း၌ လူတစ်ယောက်က အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
မျက်မြင်တွေ့ရှိရသူတစ်ဦးကလည်း လူငယ်ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ကို လူတစ်ဦးက ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့ကြောင်း ပြောခဲ့သည်။ ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် ၎င်းတို့နှစ်ဦးမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ကြရသည်။
ထို့နောက် နံနက် ၅ နာရီခွဲခန့်တွင် ပစ္စည်းဖြန့်ချိရေးကားမောင်းနှင်သူ အသက် ၃၇ နှစ်ရှိ တိုလ်ဒီနှင့် ဇနီးတို့က ၎င်းတို့အလုပ်သို့သွားစဉ် နော့တင်ဟမ်မြို့၏ Magdala လမ်းပေါ်၌ Magdala တင်းနစ်ကလပ်အသင်းအပြင်ဘက်တွင် သေဆုံးနေသူတစ်ဦးကို တွေ့ခဲ့ကြရပြန်သည်။ သေဆုံးသူ၏ အမည်ကိုမဖော်ထုတ်နိုင်သေးဘဲ အသက် ၅၄ နှစ်အရွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ဤကဲ့သို့ ဇွန်လ ၁၃ ရက် နံနက်ခင်းပိုင်း၌ နော့တင်ဟမ်မြို့အတွင်း လူသုံးဦးအသ-တ်ခံရပြီးနောက် နံနက် ၅ နာရီခွဲတွင်ပင် နော့တင်ဟမ်မြို့လယ် Milton လမ်းပေါ်၌ လူသုံးဦးအား ဗင်ကားတစ်စီးက ဝင်ရောက် တိုက်သွားမှုဖြစ်ပွားခဲ့ရာ သုံးဦးစလုံးဆေးရုံသို့ တင်ပို့ခဲ့ရပြီး တစ်ဦးမှာစိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ထို့နောက်တွင်မူ ရဲတပ်ဖွဲ့က အဆိုပါအကြမ်းဖက်မှုများအတွက် သံသယရှိရသူ အသက် ၃၁ နှစ်ရှိအမျိုးသားတစ်ဦးကို Bentinck လမ်းတွင် ဗင်ကားတစ်စီးနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးမိထားသော သံသယရှိတရားခံမှာ Magdala လမ်းပေါ်၌ အသက် ၅၄ နှစ်ရှိ အမျိုးသားအား အကြမ်းဖက်သ-တ်ဖြတ်ခဲ့ပြီးနောက် ထိုသူ၏ ဗင်ကားကို ရယူကာ Milton လမ်းပေါ်၌ လူသုံးဦးကို ဝင်တိုက်ခဲ့ခြင်းဟု ယုံကြည်ရကြောင်း၊ ထိုသူက စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများခံစားနေရသည်ဟုလည်း တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ ထိုသူက အနောက်အာဖရိကဒေသမှ ဖြစ်ကာ ဗြိတိန်နိုင်ငံတွင် ဆယ်ကျော်သက်အရွယ်ကစ၍ တရားဝင်နေထိုင်လာသူဟု တွေ့ရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ရဲတပ်ဖွဲ့က တရားခံအနေဖြင့် ယခင်ရာဇဝတ်မှုသမိုင်းကြောင်းမရှိခဲ့ဟု တွေ့ရသော်လည်း ဇွန်လ ၁၃ ရက် နံနက်က နော့တင်ဟမ်မြို့အတွင်း အသတ်ခံရသူ သုံးဦးနှင့် ကားတိုက်ခံရ၍ ဒဏ်ရာရရှိသူသုံးဦးစလုံး၏ ကိစ္စများနှင့်ဆက်စပ်နေမည်လားဟု စစ်မေးလျက်ရှိကြောင်းသိရသည်။
Ref——- Daily Mail