၁၄. ၆. ၂၀၂၃
Written by Peya
မိရိုးဖလာအလေ့အထကောင်းတစ်ခုဖြစ်သည့် မိမိတို့အိမ်ခြံဝန်း မြေပိုနေရာလွတ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးစားသုံးမှုသည် မှေးမှိန်လျက်ရှိရာ မြို့နယ်အလိုက် ကျေးရွာအုပ်စုများသတ်မှတ်၍ အိမ်ခြံဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းများ ပြန်လည်ထွန်းကားလာရေးအတွက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံက သိရသည်။
လက်ရှိ နေပြည်တော် ကောင်စီနယ်မြေ (၈)မြို့နယ်တွင် ရှေ့ပြေးဆောင်ရွက်နေကာ တစ်မြို့နယ်လျှင် ကျေးရွာ အုပ်စု တစ်အုပ်စုရွေးချယ်၍ တစ်အုပ်စုလျင် အိမ်ထောင်စု ၅၀ အတွက် မျိုးစေ့၊ ပျိုးပင်၊ ပျိုးဗန်း၊ သဘာဝမြေဩဇာ၊ ရေဖျန်းပုံးနှင့် ဥယျာဉ်ခြံသုံးပစ္စည်းများ၊ နည်းပညာပေးလက်ကမ်းစာစောင်နှင့် စာအုပ်များ ထောက်ပံ့ပေးသွားသွားမည်ဖြစ်ကာ ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် ဆေးဘက်ဝင် ပရဆေးသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဇော်က ပြောသည်။
“အိမ်ခြံဝန်း လွတ်တဲ့နေရာတွေမှာ အိမ်ခြံဝန်းနဲ့ ကိုက်ညီတဲ့သီးနှံမျိုးတွေ စိုက်ပြမယ်။ အိမ်ခြံဝန်းမှာ မြေကျယ်ကျယ်မရှိရင်လည်း ပလတ်စတစ် အိတ်အကြီးကြီးတွေထဲမှာ မြေထည့်ပြီး စိုက်တာမျိုး၊ မသုံးတော့တဲ့ ပုံးတွေထဲ ထည့်စိုက်တာမျိုး ကျွန်တော်တို့က ပညာပေးမှာပေါ့။ ပညာပေးပြီးတော့မှ အဲ့ဒီဟာကတဆင့် ရွာထဲမှာ ရှိတဲ့သူကော တခြားသူတွေကော ခေါ်ပြပြီး ဒါတွေ စိုက်ပျိုးခြင်းအားဖြင့် အပိုဝင်ငွေပေါ့။ အပြင်ကနေ ဟင်းတစ်ခွက်စာ ဝယ်စားစရာ မလိုဘူး။ အဲ့ဒါကို ပြန်ရောင်းရင် အပိုဝင်ငွေရမယ်ပေါ့”ဟု ၎င်းက ဆိုသည်။
ထိုသို့ စိုက်ပျိုးခြင်းဖြင့် လတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းသော ဟင်းသီးဟင်းရွက်များထုတ်လုပ်ပြီး မိမိတို့၏ မိသားစု ကျန်းမာရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကာ အခြားသူများ လိုက်ပါဆောင်ရွက်နိုင်စေရန် လုပ်သွားမည် ဖြစ်ကြောင်း ဦးမျိုးဇော်က ဆိုသည်။
“တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မိတ်ဆက်အနေနဲ့ စနေပါပြီ။ တကယ့်ကို တွင်တွင်ကျယ်ကျယ်လုပ်နိုင်ဖို့ အတွက်ဆိုရင် လာမယ့် ဆောင်းရာသီကစပြီး ကျွန်တော်တို့ တနိုင်စပြီးတော့ မိတ်ဆက်ပညာပေးမယ်။ တိုင်းဦးစီး၊ ပြည်နယ်ဦးစီးတွေနဲ့ ညှိနှိုင်းပြီးတော့ တစ်မြို့နယ်ကို တစ်ရွာလောက် စနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်မှာပေါ့။ အခု မိုးရာသီကစပြီးတော့ တိုးချဲ့ဆောင်ရွက်နိုင်အောင် နည်းပညာပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။