၁၃. ၆. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများချမှတ်ခံရပြီးနောက် အခြားနိုင်ငံများနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာဖြင့်ငွေကြေးပေးချေရန် အခက်အခဲများဖြစ်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၂ ရက်က အိန္ဒိယ ကုန်သွယ်ရေးမူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံတွင် တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ သတင်းများက ဖော်ပြထားသည်။ ဝန်ကြီး ဦးအောင်နိုင်ဦးက အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှုများတွင် ရူပီး- ကျပ်ငွေ အသုံးပြုမှုများ စီစဉ်ဆောင်ရွက်မှုများကို ဇွန်လအကုန်တွင် အပြီးသတ်ဆောင်ရွက်နိုင်မည် မျှော်လင့်ကြောင်း ပြောသည်။ စီစဉ်ထားသည့်အတိုင်းဆောင်ရွက်နိုင်မည်ဆိုလျှင် အိန္ဒိယနှင့် မြန်မာနိုင်ငံကုန်သွယ်ရေး သည် နှစ်ဆမြင့်တက်လာဖွယ်ရှိနေကြောင်း ဦးအောင်နိုင်ဦးကပြောသည်။
“ကျွန်တော်တို့ နိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ပိတ်ဆို့မှုချမှတ်ခံခဲ့ရတယ်။ အဲဒီအတွက်ကြောင့် အခြားနိုင်ငံတွေနဲ့ ငွေပေးချေရာမှာ အမေရိကန်ဒေါ်လာနဲ့ပေးချေနိုင်ဖို့ခက်ခဲလာတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။
အိန္ဒိယ ဗဟိုဘဏ်သည် မြန်မာနိုင်ငံနှင့် နိုင်ငံခြားကုန်သွယ်မှုများတွင် အထူး Vostro Account ဖွင့်လှစ်နိုင်ရန်အတွက် Punjab National Bank (PNB) ဘဏ်ကိုခန့်အပ်ထားကြောင်း သိရသည်။ PNB ဘဏ်သည်လက်ရှိအချိန်တွင် အဆိုပါအကောင့်ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ CB ဘဏ်နှင့် UAB ဘဏ်နှစ်ခုဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။
ဝန်ကြီး ဦးအောင်နိုင်ဦး က ” PNB ဘဏ်ဟာ မြန်မာနိုင်ငံဗဟိုဘဏ်နဲ့ စေ့စပ်ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နေပါတယ်။ ဇွန်လကုန်မှာ အပြီးသတ် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ ရူပီး- ကျပ်ငွေ အသုံးပြုမှုတွေ စီစဉ်ဆောင်ရွက်နိုင်မယ်ဆိုရင် ၂ နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုတွေက နှစ်ဆမြင့်တက်လာဖွယ်ရှိနေပါတယ်။ “ဟု ပြောသည်။
ထိုသို့ အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှုများတွင် အိန္ဒိယနိုင်ငံသုံး ရူပီးငွေကြေးအသုံးပြုမှုများ ပြုလုပ်နိုင်မည်ဆိုလျှင် ကုန်သွယ်မှုတန်ဖိုးက လက်ရှိကုန်သွယ်မှုတန်ဖိုးမှအမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံအထိသိသိသာသာ တိုးမြင့်လာဖွယ်ရှိနေကြောင်း အိန္ဒိယ နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒကော်မတီဥက္ကဋ္ဌ P K Shah က ပြောသည်။
P K Shah က” အိန္ဒိယ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံ့မှု တိုးမြင့်ရေးအဖွဲ့ EEPCဟာ ဒီကိစ္စကို အိန္ဒိယအစိုးရနဲ့အတူ ကိုင်တွယ်ခဲ့တယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန် ကုန်သွယ်ရေးတွေမှာ ရူပီးကို အသုံးပြုမယ်ဆိုရင် အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာမှာဖြစ်သလို အပြန်အလှန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း သိသိသာသာတိုးတက်ကောင်းမွန်လာဖွယ်ရှိနေပါတယ်” ဟုပြောသည်။
အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဘီလျံအထိရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း မြင့်တက်လာခဲ့သလို မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှု မြင့်တက်လာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုများအနက် ပြီးခဲ့သောနှစ်များအတွင်း အင်ဂျင်နှင့် စက်ပစ္စည်းတင်ပို့မှု လျော့ကျခဲ့ကြောင်း သိရသည်။အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှုများတွင် ငွေကြေးပေးချေရာမှာ အသုံးပြုရန် စီစဉ်ထားသောအစီစဉ်များသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးပစ္စည်းများ၊ ထုတ်ကုန်ပစ္စည်းများ တင်ပို့မှု ပိုမိုကောင်းမွန်လာမည်ဖြစ်သလို မြန်မာနိုင်ငံဘက်ခြမ်းမှ ပဲမျိုးစုံ ၊ သစ်နှင့်အခြား ထုတ်ကုန်ပစ္စည်းများ တင်ပို့ရာတွင်လက်ရှိထက်ပိုမုကောင်းမွန်လာဖွယ်ရှိနေကြောင်း Engineering Export Promotion Council ဥက္ကဋ္ဌဟောင်း P K Shah က ဆက်လက်ပြောသည်။
Ref——-economictimes,indiatimes