၁၃. ၆. ၂၀၂၃
Written by Peya
ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲမဝင်မီ ပေးထားသည့် ကတိအတိုင်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်က ဆုရ ကစားသမားများကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း အဆိုပါ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဦးသောင်းထိုက်မင်းက MT News သတင်းဌာနကို ပြောသည်။
၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက် ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုဆုချီးမြှင့်ခြင်း မတိုင်မီကလည်း နိုင်ငံတော်က ဆီးဂိမ်းစ်တွင် ဆုရကစားသမားများနှင့် နည်းပြများကို ဆုချီးမြှင့်ခဲ့သည်။
“ကျွန်တော်တို့ အစဉ်အလာအတိုင်း ပြန်ပြီးတော့ ဂုဏ်ပြုပေးတာပါ။ အရင်ပြိုင်ပွဲ မဝင်ခင်တည်းက ကျွန်တော်တို့ ကတိပေးထားတာ ရှိတယ်။ ကစားသမားတွေကို ရွှေရလို့ ရှိရင် သိန်း ၁၀၀ တို့ ဘာတို့ ပေးမယ်ပေါ့။ အဓိကတော့ ရွှေကို ပစ်မှတ်ထားတာပေါ့။ ငွေတို့ ကြေးတို့ကို ကျွန်တော်တို့က ကတိမပေးထားဘူး။ ရွှေရရင် သိန်း ၁၀၀ ပေးမယ်ဆိုတာ ကတိပေးထားတာ ရှိတယ်။ အဖွဲ့ချုပ်အနေနဲ့ ထပ်ဆောင်းချီးမြှင့်မယ်ဆိုတာ လှုံ့ဆော်ထားတာပေါ့။ ပြောထားတဲ့ ကတိအတိုင်း ဂုဏ်ပြုညစာစားပွဲ လုပ်ပေးရင်း ငွေသား ချီးမြှင့်ပေးတာပေါ့” ဟု ဦးသောင်းထိုက်မင်းက ပြောသည်။
ညစာစားပွဲတွင် အမျိုးသား (U-24)( ၅ ) တက်လှော် မီတာ (၂၅၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁၀၀)၊ အမျိုးသား (U-24) (၅) တက်လှော် မီတာ (၈၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)၊ အမျိုးသား (U-24)( ၁၂ ) တက်လှော် မီတာ (၈၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)၊ အမျိုးသား (Open)(၁၂) တက်လှော် မီတာ (၈၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)၊ အမျိုးသား+အမျိုးသမီး (Mixed ) (U-24)( ၁၂) တက်လှော် မီတာ (၂၅၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)၊ အမျိုးသား+အမျိုးသမီး (Mixed ) (U-24)( ၁၂) တက်လှော် မီတာ (၅၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)၊ အမျိုးသား(U-24)(၁၂)တက်လှော်မီတာ(၅၀၀)ပြိုင်ပွဲနှင့် အမျိုးသား(Open)(၁၂)တက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)စီပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နည်းပြချုပ် ဦးဝင်းဖေအား ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀)၊ နည်းပြ ဦးသိန်းဝင်းနှင့် ဦးတင်မောင်ဦးတို့အား ဂုဏ်ပြုဆုငွေကျပ် သိန်း(၃၀)၊ အုပ်ချုပ်သူ ဦးသက်လွင်နှင့် နည်းပြ ဦးအောင်တင်ထွန်းတို့အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)တို့ကို ပေးအပ်ခဲ့ပြီးကြောင်း သိရသည်။