၁၃. ၆. ၂၀၂၃
Written by Peya
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဘုရားအလှူခံပုံး ရိုက်ခွဲပြီး အလှူငွေများ လုယူသွားသူကို နေ့ချင်း ဖမ်းမိခဲ့ကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စူဠာမဏိဘုရားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါ ဘုရားမှ အလှူခံပုံးကို ရိုက်ခွဲကာ ဘုရားအလှူငွေများ ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။
“သိရသလောက်ကို ပြောရမယ်ဆိုရင်တော့ ဒီကောင်က အလှူခံပုံးကို ရိုက်ခွဲပြီး ငွေတွေ ယူနေတာ ဘုရားဖူးတစ်ယောက်က တွေ့တယ်။ တွေ့တော့ အော်လို့ ယူပြေးသွားတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
တာဝန်ရှိသူများက CCTV ကို စစ်ဆေးပြီး ကျူးလွန်သူကို ဖမ်းမိရေးအတွက် ရှာဖွေခဲ့ရာ နံနက်ပိုင်း ၉ နာရီအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ် လမ်းပေါ်တွင် ဘုရားငွေခိုးယူသွားသူ ဟိုပုံးမြို့တွင် နေသည့် ဖိုးသားကို ၎င်းခိုးယူလာခဲ့သည့် ငွေကျပ် နှစ်သိန်းခွဲကျော်နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။